
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ပဲခူးတိုင်း မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ပဲနွယ်ကုန်းရုံးခွဲမှာ ကျင်းပပါတယ်။
မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ ပဲနွယ်ကုန်းဒေသရုံးခွဲ တာဝန်ခံ ကိုပြည့်မင်းထက် က “ကျနော်တို့နယ်မှာက မွေးရာပါနဲ့ ယဉ်မတော်တဆမှုကြောင့်ဖြစ်တဲ့ မသန်စွမ်းတွေရှိသလို စစ်ဘေးဒဏ်ကြောင့် မိုင်းထိတဲ့ မသန်စွမ်းတွေရှိပါတယ်။ တချို့တွေက မိမိတို့ဘာသာ အဆင်ပြေသလိုနေနေကြတာ။ ဘယ်အဖွဲ့စည်းတွေချိတ်ရင် ဘယ်လို အထောက်အကူတွေ ရမယ်ဆိုတာ သိပ်မသိကြဘူး။” လို့ ပြောပါတယ်။
အဆိုပါအခမ်းအနားကို မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ တောင်ငူ မသန်စွမ်းသူများအဖွဲ့၊ ဖဒိုဒေသမသန်စွမ်းသူ ကလေးငယ်များ၊ အုတ်တွင်း မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ နဲ့ ပဲနွယ်ကုန်းဒေသ မသန်စွမ်းသူ စုစုပေါင်း ၆၀ ကျော်တက်ရောက်ခဲ့ပါတယ်။
အဆိုပါ မသန်စွမ်းသူများထဲမှာ စီးပွားရေး တပိုင်တနိုင် လုပ်ငန်းခွင်ဝင်နေကြသူ ၁၀ ဦးကျော်ပါရှိပြီး လက်သမားဆရာ၊ ကွန်ပြူတာစာစီစာရိုက်၊ ဖိတ်စာ၊ ယပ်တောင်နဲ့ ဆပ်ပြာရည် အမွှေးဆီ ထုတ်လုပ်ရောင်းရှိခြင်း စတဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။
ဗိုလ်သူရိန်











