DVB Logo
Home
မြန်မာသတင်း
ဘုရားပွဲခင်းထဲ ဝါးတင်ကား ဘရိတ်ပေါက်ပြီး ဝင်တိုက်၊ ၅ ဦးသေ ၂၉ ဦးဒဏ်ရာရ
DVB
·
December 3, 2018
ဘုရားပွဲခင်းထဲ ဝါးတင်ကား ဘရိတ်ပေါက်ပြီး ဝင်တိုက်၊ ၅ ဦးသေ ၂၉ ဦးဒဏ်ရာရ
1 / 5
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ ဘုရားပွဲခင်းထဲကို ဝါးတင်ကားတစီး အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့တဲ့အတွက် အမျိုးသမီး ၁ ဦးနဲ့ ကလေး ၄ ဦး သေဆုံးပြီး ၂၉ ဦး ဒဏ်ရခဲ့တယ်လို့ မင်းလှမြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ဆက်ကျေးရွာအုပ်စု၊ စိန်ကန့်လန့်ရွာ၊ ရွှေကြီးမြင့်ဘုန်းတော်ကြီးကျောင်းမှာ ဒီဇင်ဘာ ၂ ရက်ညက ဘုရားပွဲဈေးရှိ ပင်လယ်ဓားပြလှေ စီးနင်းတဲ့ ရဟတ်အနီး လူအုပ်ထဲကို ဝါးတွေတင်ဆောင်လာတဲ့ Faw ကားတစီး ဘရိတ်ပေါက် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့တာပါ။

ဒီယာဉ်တိုက်မှုမှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့တဲ့ လက်ပံတန်းမြို့နယ် လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးကိုနိုင်က "အခင်းဖြစ်နေရာကို လက်ပံတန်း လူမှုကယ်ဆယ်ရေးအသင်းက ကားတွေ အကုန်ထွက်ပြီး သွားပါတယ်။ ကျနော်တို့ ရောက်တဲ့အချိန်မှာ အခင်းဖြစ်နေရာက လူနာအားလုံးက မင်းလှဆေးရုံကို ရောက်နေပါပြီ။ အဲ့နားက နယ်မြေခံတပ်ရင်း တပ်မ ၆၆ နဲ့ မီးသတ်တပ်ဖွဲ့က အကုန်လုံးကို ဆေးရုံပို့တယ်လို့ သိရပါတယ်။ မင်းလှဆေးရုံကနေ သာယာဝတီခရိုင် ဆေးရုံကြီးကို အတွင်းလူနာအဖြစ် ၇ ယောက် ပို့ရပါတယ်။ သာယာဝတီခရိုင် ဆေးရုံကနေမှ ရန်ကုန်ဆေးရုံကြီးကို လူနာ ၂ ဦး ပို့ရပါတယ်။ ည ၁ နာရီ ၁၇ မိနစ်မှာ နောက်ဆုံးသိရတာကတော့ သေဆုံးသူ ၆ ဦး၊ ဒဏ်ရာရှိသူ ၂၉ ဦးလို့ သိရပါတယ်" လို့ ပြောပါတယ်။

မင်းလှ လူငယ်စင်တာ တာဝန်ခံ ကိုမင်းခန့်ကျော်က “ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်။ အထူးသဖြင့် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရဲ့ အသက်ဟာ စည်းကမ်းမဲ့ မောင်းနှင်သူတယောက်ကြောင့် အချိန်မတိုင်ဘဲ ကြွေလွင့်ရတယ်၊ စိတ်မကောင်းပါဘူး။ ဒီ faw ကားတွေနဲ့ပတ်သက်ပြီး တမြို့လုံးက ကျယ်ကျယ်လောင်လောင် အော်နေပေမယ့် ဘယ်သူ့မှာ တာဝန်ရှိသလဲမေးရင် ကျနော်တို့မင်းလှမှာ ဘယ်သူမှ တာဝန်မရှိဘူးဆိုသလို ဖြစ်နေတယ်။ ဥပဒေအရ ထိထိရောက်ရောက် အရေးယူဖို့လည်း တိုက်တွန်းပါတယ်။ အသက်နဲ့ရင်းပြီးရတဲ့ သင်ခန်းစာတခုကနေ စည်းကမ်းမဲ့ Faw ကားတွေ၊ တခြားကားတွေ မောင်းနှင်တာတွေ၊ ကားရပ်နားတဲ့ကိစ္စတွေကို အရေးယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။

ဒီယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ယာဉ်အမှတ် ၉ဌ/ ၄၃၆၅ ဖောကား(အပြာရောင်) မောင်းနှင်သူ တင်မောင်ဝင်း အသက် ၄၈ နှစ်ကို မင်းလှမြို့နယ်ရဲတပ်ဖွဲ့ ရဲအုပ် သန်းဇော်ဦးက တရားလိုပြုလုပ်ပြီး ပုဒ်မ ၃၀၄-က /၃၃၈/၃၃၇ နဲ့ အမှုဖွင့် အရေးယူဖို့ လုပ်ဆောင်နေပါတယ်။

သတင်း - ဝဏ္ဏထွန်း၊ ဓာတ်ပုံ - လက်ပံတန်းလူမှုကယ်ဆယ်ရေးအဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013