
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ နယ်ခြားစောင့် ရဲတပ်သားတဦးဟာ ကိုင်ဆောင်တဲ့သေနတ် ကျည်ပေါက်ထွက်ပြီး ဦးခေါင်း ထိမှန် သေဆုံးသွားပါတယ်။
ဘူးသီးတောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့နယ်စိုက်ပျိုးရေး ရုံးဝင်းအတွင်းမှာ ဒီဇင်ဘာ ၂ ရက်ည ၉ နာရီလောက်က လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတပ်သား စိုးငြိမ်းဦး ကိုင်ဆောင်ထားတဲ့ BA 63 မောင်းပြန်ရိုင်ဖယ်သေနတ်ကနေ မတော်တဆ ကျည်ပေါက်ထွက်ကာ မေးစေ့မှ ဦးခေါင်းဖော်ထွက်ဒဏ်ရာနဲ့ ကင်းစောင့်နေတဲ့ နေရာမှာ သေဆုံးခဲ့ကြောင်း အမှတ်(၈) နယ်ခြား စောင့်ရဲတပ်ဖွဲ့ခွဲ တာဝန်ရှိသူတဦးထံက သိရပါတယ်။
ဘူးသီးတောင်မြို့နယ်စခန်းမှူးက "အခုတော့ ကျနော်တို့ အတည်မပြုနိုင်သေးပါဘူး။ စစ်ဆေးနေတုန်းပါ။ သူ ကင်းကျနေချိန်မှာ သူ့သေနတ်က ပေါက်ထွက်သွားတာလား၊ ကိုယ်ဟာ ကိုယ် သေကြောင်းကြံစည်တာလား၊ ဆိုတာကိုတော့ စစ်ဆေးတုန်းပါ။ သေနတ်ထိမှန်ပြီး သေဆုံးကတော့ မှန်ပါတယ် အခုတော ခုံရုံးထိုင်ပြီး စစ်ဆေးနေတုန်းဖြစ်ပါတယ်"လို့ ပြောပါတယ်။
သေဆုံးသူအလောင်းကို ဘူးသီးတောင်မြို့နယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ဖို့ သေမှုသေခင်းအမှတ်စဉ်(၂၀/၁၈) အမှုဖွင့် စစ်ဆေးနေပါတယ်။
ဗညား











