DVB Logo
Home
မြန်မာသတင်း
ကက်သလစ်ဘုရားကျောင်းမြေ သိမ်းခံရသည့်ကိစ္စ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုင်ကြားမည်
DVB
·
December 3, 2018
ကက်သလစ်ဘုရားကျောင်းမြေ သိမ်းခံရသည့်ကိစ္စ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုင်ကြားမည်
1 / 10
Donate to DVB

ကယားပြည်နယ်၊ မယ်စဲ့တိုက်နယ်ရှိ ကက်သလစ် ဘုရားကျောင်းပိုင် သာသနာမြေတချို့ သိမ်းယူခံထားရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ  စာပေးပို့တိုင်ကြားဖို့ ဒေသခံတွေက စုပေါင်းလက်မှတ် ကောက်ခံနေပါတယ်။

ဒီဇင်ဘာ ၁ရက်က ထိုင်း-မြန်မာနယ်စပ်၊ ကယားပြည်နယ်၊မယ်စဲ့မြို့မှာ မယ်စဲ့ ကက်သလစ်ဘုရားရှိခိုးကျောင်း ကျောင်းထိုင် ဘုန်းတော်ကြီး ရစ်ချက်သူရထွန်း ဦးဆောင် သတင်းစာရှင်းလင်းပွဲလုပ်ပြီး လက်မှတ်တွေနဲ့ လက်ဗွေတွေကို ကောက်ခံခဲ့တာဖြစ်ပါတယ်။

ကက်သလစ် ဘုန်းတော်ကြီး ရစ်ချက်သူရထွန်းက “သိမ်းပိုက်ခံလိုက်ရတဲ့မြေနေရာဟာ အများပိုင် သာသနာမြေဖြစ်ပြီး မယ်စဲ့မဲဆန္ဒနယ်ပြည်သူတွေရဲ့ မဲပေးရွေးချယ်ခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးကနေ ဝန်ကြီးချုပ်ဖြစ်လာတဲ့ အချိန်မှာ လုပ် ပိုင်ခွင့် အာဏာတွေကို တလွဲသုံးပြီး မြေပိုင်ဆိုင်ခွင့်စာရွက်စာတမ်းတွေကို တဖက်သတ်ပြုလုပ်ပြီး မယ်စဲ့နယ်မှာ အာဏာပြအနိုင်ကျင့်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အားလုံးက ခံစားနေကြရ တဲ့ အတွက်ကြောင့် မြေကို အမြန်ဆုံးပြန်လည်ရရှိဖို့အတွက် လက်မှတ်ရေးထိုးထားတာတွေကို ကောက်ခံရတာ”လို့ ပြောပါတယ်။

သိမ်းယူသွားတဲ့မြေနေရာဟာ ၁၉၉၄ ခုနှစ် စက်တင်ဘာလကတည်းက (၃၀၀/ ၁-၅ /မဝတ - ၃၆၅) အရ ကက်သလစ်သာသနာမြေနေရာအဖြစ် သတ်မှတ်ပေးခဲ့ပြီး မယ်စဲ့မြို့နယ် မြေစာရင်းဌာနက ၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၆ရက်စွဲနဲ့ မြစာရင်းပုံစံ (၁၀၅) ကို ထုတ်ပေးထားခဲ့တဲ့ မြေနေရာဖြစ်တယ်လို့လည်း ဘုန်းတော်ကြီး ရစ်ချက်သူရထွန်းကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကယားပြည်နယ်ဝန်ကြီးချုပ်ရဲ့ မိခင်ဒေါ်သိန်းတင်က " ဘုန်းကြီးမြေ၊ ဘုန်းကြီးကပေးရင်တောင် ယူပြီးမနေရဲပါဘူး။ အဖွားတို့က ကြောက်ပါတယ်။ ဒီမြေက ဘုန်းကြီးမြေ မဟုတ်ဘူး။ အခုလက်ရှိ ကျောင်းထိုင်ဘုန်းကြီးအရင် ဘုန်းကြီးကတည်းက ကျောင်းနေရာကသတ် မှတ်ပြီးသားပါ၊ ကျောင်းတိုက်တိုင်အဖြစ် သတ်မှတ်ထားတာရှိသလို၊ ခြံအဖြစ် သတ်မှတ်ထားတဲ့ တိုင်တွေကလည်း ရှိပြီးသားဖြစ်တယ်လို့" ပြောပါတယ်။

မယ်စဲ့ဒေသခံ ရပ်မိရပ်ဖတဦးကတော့ “ဝန်ကြီးချုပ်ဟာ မြေကိုသိမ်းယူလိုက်တယ်လို့တော့ မပြောချင်ဘူး။ သူလည်း ပုံစံ ၁၀၅ ရထားတယ်ကြားတယ်။ ဘုန်းတော်ကြီးတွေဘက်ကလည်း ၁၉၉၄ ခုနှစ်ကတည်းက ကက်သလစ်သာသနာမြေနေရာအဖြစ် သတ်မှတ်ပေးခဲ့ပြီးသားဖြစ်တယ်လို့ သိရတယ်။ အဓိကကတော့ ဝန်ကြီးချုပ်ဟာ ဘယ်လိုဘယ်ပုံစံနဲ့ ပုံစံ ၁၀၅ ကို ထုတ်ပေးခဲ့တာလဲလို့ မြေစာရင်းကနေ ပွင့်ပွင့်လင်းလင်း သတင်းထုတ်ပြန်ပေးသင့်တယ်လို့ပြောပါတယ်။

မယ်စဲ့မြို့နယ်၊ မြေစာရင်းဌာနနဲ့ ဝန်ကြီးချုပ်ရဲ့ ယောက်ဖဖြစ်သူ အုပ်ချုပ်ရေးမှူးတို့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မရရှိခဲ့ပါဘူး။

လွိုင်ကော် ကက်သလစ်သာသနာ၊ ဖာသာ ရွှေအောင်ကတော့ “ဝန်ကြီးချုပ်အနေနဲ့ မြေကိုသိမ်းယူတာ ပြည်သူတွေအတွက်၊ နိုင်ငံတော်အတွက်၊ အစိုးရအတွက် သာသနာအတွက် သိမ်းယူချင်တယ်ဆိုရင်ယူပါ၊ အခုဟာက သူ့မိသားစုအတွက်၊ သူ့အတွက်သိမ်းယူထားတာမို့ ဖာသာတို့အနေနဲ့ မတရားအနိုင်ကျင့် ယူတယ်လို့ယူဆတဲ့အတွက်ကြောင့် သိက္ခာကိုရင်းပြီး ပြောနေရတာပါ၊ မြေအနေနဲ့က ဧကဝက်ကျော် ကျော်ကျော်လေးပဲရှိတာပါ “ လို့ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့မယ့် တိုင်ကြားစာထဲမှာတော့ ဦးအယ်လ်ဖောင်းရှိုဟာ ကယားပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ၂၀၁၇ မေလက သာသနာမြေတချို့ပါတဲ့ ခြံမြေကို သူရဲ့ခြံအဖြစ်သတ်မှတ်ပြီး စက်ကြီးတွေနဲ့မြေညှိ မြောင်းတူး စဉ်ကလည်း ကက်သလစ်ဘုန်းတော်ကြီးနဲ့ သာသနာ့ အကျိုးဆောင်တွေကို တရားဝင် အသိပေးပြီး သဘောထားရယူခဲ့တာမရှိဘဲ ဝန်ကြီးချုပ်ကနေ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး မြေပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို တဖက်သတ် ပြုလုပ်သိမ်းယူခဲ့တာလို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013