DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ကိုယ်စားလှယ်ကို ကျောက်ဖြူ ကွမ်းချောင်းဒေသခံများ ဆန္ဒပြ
DVB
·
December 2, 2018
လွှတ်တော်ကိုယ်စားလှယ်ကို ကျောက်ဖြူ ကွမ်းချောင်းဒေသခံများ ဆန္ဒပြ
Donate to DVB

လုပ်ပိုင်ခွင့် အသုံးချတယ်ဆိုပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကွမ်းချောင်းဒေသခံတွေက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ဟာ လုပ်ပိုင်ခွင့်အသုံးချကာ ၂၀၁၈/၂၀၁၉ ခုနှစ်အတွက် ပြန်လည်ပြုပြင်ဖို့ လျာတားဘတ်ဂျက်မှာ ပါဝင်တဲ့ ကွမ်းချောင်းပြွန်ကာရီ (ဆည်) အစား ကပိုင်ချောင်းပြွန်ကာရီ (ဆည်) အဖြစ် ပြောင်းလဲတယ်ဆိုပြီး ကွမ်းချောင်းဒေသခံတွေက ဒီနေ့ နေ့လယ်က ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

ကွမ်းချောင်းကျေးရွာနေ ဦးမောင်ချီးက “ဒုတိယ တကြိမ်မှာ ကပိုင်ပြွန်ကို ပြောင်းတယ်ဆို ပြီးတော့ အပြောင်းအလဲဖြစ်လာရပါတယ်၊ ပြောင်းလဲရခြင်းအကြောင်းအရင်းသည် ပြည်နယ် အမတ် အတိုင်းအတာနဲ့ ပြောင်းလဲတယ်လို့ သိရှိရပါတယ်။ ဦးကျော်လွင်သည် ဒီလိုပြောင်းပိုင်ခွင့်ရှိပါသလား၊ တကယ်ပြည်သူ့လွှတ်တော်ရော၊ ၀န်ကြီးဌာနရော၊ အမတ်တွေ၊ ဌာနတွေက ဆုံးဖြတ်ချက်ချထားတာကို ဒီလိုပြောင်းလဲလို့ ရမယ်ဆိုရင် ပြည်သူတွေကို အလေးအနက်မထားဘဲ မိမိစိတ်နဲ့ မိမိကိုယ်ကိုယ်လုပ်တာ မကျေနပ်တဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်ရတာ” လို့ ပြောပါတယ်။

ကွမ်းချောင်းဒေသခံ ကိုထွေးစံက “ကျနော်တို့ပြည်သူကို လာရောက်တိုင်ပင် ဆွေးနွေးခြင်း တစုံတရာမရှိဘဲနဲ့ သူ့ရဲ့ လွှတ်တော်အမတ်တယောက်ရဲ့ သြဇာအာဏာ ပါဝါရှိသည်ဆိုတိုင်း ဒီလိုလုပ်ပိုင်ခွင့်ရှိသလား၊ ကျနော်တို့က မကျေနပ်ဘူးပေါ့ဗျာ၊ စောဒကတက်တာပေါ့။ အဲဒါကြောင့် ဆန္ဒဖော်ထုတ်ရတာ” လို့ ပြောပါတယ်။

ကွမ်းချောင်းပြွန်ကာရီ (ဆည်) ကို လွန်ခဲ့တဲ့ ၂၀၁၄/၂၀၁၅ ဘတ်ဂျက်မှာ ပြန်လည်ပြုပြင်ဆည်ဖို့ထားပြီး လက်ရှိအချိန်မှာ ကပိုင်ချောင်းပြွန်ကာရီ (ဆည်) ကျိုးပေါက် ပျက်စီးနေတာကြောင့် အမှန်တကယ် လိုအပ်နေတဲ့ ကပိုင်ချောင်းပြွန်ကာရီကို ပြောင်းလဲရတာလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောပါတယ်။

“ဒီဟာရဲ့နောက်ကွယ်မှာ မသမာတဲ့ နိုင်ငံရေးအကျိုးဆက်တွေပါတယ်၊ ခင်ဗျားတို့ ကာရီကို ဦးကျော်လွင်ကပြောင်းဖို့လုပ်နေပြီ၊ အဲဒီလိုသွားပြောတဲ့အခါ ဒေသခံတွေက ငါတို့အမည်နဲ့ပါတဲ့ ကာရီကို ငါတို့ကိုပေးရမယ်လို့ ပြောလာတယ်။ အမှန်ကဘတ်ဂျက်ဆိုတာ ပြည်သူတွေပိုင်တာ၊ ပြည်သူတွေ အကုန်လုံးနဲ့ဆိုင်တာပါ။ အဓိကတော့ ကွမ်းချောင်းပဲဖြစ်ဖြစ်၊ ကပိုင်ချောင်းပဲဖြစ်ဖြစ် ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ စဉ်းစားတာက လက်ရှိလုပ်ကိုင် စားသောက်လို့ ရနေတဲ့ ကာရီကိုဆည်ဖို့မဲ့အစား လုံးဝကို လုပ်စားလို့မရဘဲ ကျိုးပေါက်နေတဲ့ ကာရီကို ဦးစားပေးသင့်တယ်လို့ မြင်တယ်။”

ပြည်သူ့ဆန္ဒ အလေးမထားသော အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်အား အလိုမရှိ၊ လူထုဆန္ဒကို အလေးထားပါ၊ ကွမ်းချောင်းပြွန်ကာရီသည် ငါတို့အသက် စတဲ့ကြွေးကြော်သံတွေနဲ့ ကွမ်းချောင်းကျေးရွာဒေသခံ ရာနဲ့ချီ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013