DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနယ်မြေထဲ လမ်းဖောက်နေမှု အပြင်းအထန် ကန့်ကွက်
DVB
·
December 2, 2018
ကေအန်ယူနယ်မြေထဲ လမ်းဖောက်နေမှု အပြင်းအထန် ကန့်ကွက်
Donate to DVB

ကေအန်ယူနယ်မြေထဲမှာ လမ်းဖောက်နေတာဟာ လူထုအကျိုးထက် အစိုးရ နယ်ချဲ့တာနဲ့ စစ်ဘက်ဆိုင်ရာ တခြား အထောက်အကူပြုရေးဖြစ်တာကြောင့် အပြင်းအထန်ကန့်ကွက်တယ်လို့ တောင်ငူခရိုင် ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးက သဘောထားထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂ ရက် မနက်ပိုင်းက ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင် ထန်းတပင်မြို့နယ်မှာ ကျင်းပခဲ့တဲ့ ၆ ကြိမ်မြောက် ခရိုင်ညီလာခံအပြီးမှာ အချက် ၄ ချက်ပါ သဘောထားထုတ်ပြန်ချက်တစောင်ကို ထုတ်ပြန်ခဲ့တာပါ။

ဖွံ့ဖြိုးရေးကိုအကြောင်းပြပြီး ကေအန်ယူ-တောင်ငူခရိုင် ညောင်လေးပငခရိုင်၊ မူတြော်(ဖာပွန်) ခရိုင် နယ်ချင်းဆက် (ခေးပူ-လယ်မူပလော) လမ်းဖောက်လုပ်တာအပါအဝင် ကေအန်ယူနယ်မြေအတွင်း တခြားလမ်းဖောက်လုပ်တာတွေဟာ လူထုအကျိုးထက် အစိုးရရဲ့ နယ်မြေတိုးချဲ့ရေးနဲ့ စစ်ဘက်ဆိုင်ရာ တခြား အထောက်အကူပြုရေးအတွက် အဓိကရည်ရွယ်ဖောက်လုပ်တာလို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

ဒီဖောက်လုပ်ရေးကို မရပ်ဆိုင်းဘဲ ဆက်လက်ဖောက်လုပ်ရင် ပဋိပက္ခဖြစ်ပွားပြီး လက်ရှိဆောင်ရွက် နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်နိုင်တာကြောင့် အဲဒီအစီအစဉ်တွေကို ညီလာခံက ပြင်းပြင်းထန်ထန် ယင်းဖောက်လုပ်ရေးအစီအစဉ်များကို ကန့်ကွက်တယ်လို့ ဆိုပါတယ်။

တောင်ငူခရိုင်ထဲမှာ အစိုးရသစ်တောဌာနက ကြိုးဝိုင်း ကြိုးပြင် ကာကွယ်တော တိုးချဲ့ သတ်မှတ်တာဟာလည်း ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ထိခိုက်တာကြောင့် ဒါကို အန်စီအေ စာချုပ်ပါ ကြားကာလအစီအစဉ်အရ နှစ်ဖက် ညှိနှိုင်းပြီးမှ နှစ်ဖက်သဘောတူညီမှုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့လိုတယ်လို့ ဖော်ပြထားပါတယ်။

အစိုးရရဲ့ မြေလွတ်မြေရိုင်းစီမံခန့်ခွဲမှုအပါအဝင် တခြား မြေယာဥပဒေတွေဟာ ဒေသခံပြည်သူတွေကို ရာဇဝတ်သင့်စေတဲ့ ဥပဒေတွေအဖြစ်တွေ့ရပြီး ကေအန်ယူရဲ့ မြေယာမူဝါဒ၊ မြေယာစီမံခန့်ခွဲမှုတွေနဲ့ ဆန့်ကျင်နေတာကြောင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းတွေကို ထိခိုက်လာနိုင်တဲ့အပြင် ပဋိပက္ခအသွင် ဦးတည်လာနိုင်လို့ အစိုးရက သတိကြီးစွာထားပြီးလုပ်ဆောင်ဖို့လည်း ညီလာခံက တိုက်တွန်းတယ်လို့ ဆိုပါတယ်။

ပြီးတော့ ကေအန်ယူ ကရင်အမျိုးအသားအစည်းအရုံး တောင်ငူခရိုင်ဟာ မြန်မာနိုင်ငံအစိုးရနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ ကာလအတွင်း ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ဗဟိုရဲ့ ဦးဆောင် လမ်းညွှန်မှုနဲ့ မြေယာစီမံအုပ်ချုပ်မှုအပါအဝင် ကျန်းမာရေး၊ ပညာရေး သစ်တောနဲ့ တခြား ဌာနဆိုင်ရာအုပ်ချုပ်ရေး လုပ်ငန်းတွေကို မူဝါဒ၊ လုပ်ငန်းလမ်းစဉ်တွေနဲ့အညီ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

သံတောင်မြို့နယ်ဥက္ကဋ္ဌ ပြောရေးဆိုခွင့်ရှိသူ၊ ဒုဗိုလ်မှူးကြီးစောထွန်းကဲက “လမ်းကိစ္စကတော့ သူတို့ဘက်က ဆွေးနွေးရမှာပေါ့။ JMC မှာပြောတာတော့ ကျနော်တို့ ပြောတာပေါ့။ လောလောဆယ်တော့ ကျနော်တို့နဲ့ NCA ကိစ္စနဲ့ပတ်သက်ပြီးတော့ ခဏရပ်ဆိုင်ထားတာကို။ အဲဒါကြောင့် သူတို့ဘက်က ဘာပြောလာမလဲ ဆိုတဲ့ သဘောပေါ့။ သူတို့က အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ဘက်က ဆွေးနွေးမယ်ဆိုရင်တော့ ကျနော်တို့ဘက်က တာဝန်ရှိတဲ့သူတွေနဲ့ ဆွေးနွေးရမှာပေါ့။ သစ်တောကိစ္စတို့၊ မြေလွတ်မြေလပ်ကိစ္စတို့ကတော့ သူတို့ဘက်က အခုထိ ဘာမှမပြောလာသေးဘူး" လို့ ပြောပါတယ်။

ဒီညီလာခံကို နိုဝင်ဘာ ၂၆ ရက်နေ့ကနေ ဒီဇင်ဘာ ၁ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပြီး တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ သထုံခရိုင်နဲ့ မူတြော်(ဖာပွန်)ခရိုင်တို့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013