DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ပါတီ လွှတ်တော်ထဲရောက်လာချိန်တွင် ပူးပေါင်းဆောင်ရွက်မည်ဟု အန်အယ်လ်ဒီပြော
DVB
·
December 2, 2018
ပြည်သူ့ပါတီ လွှတ်တော်ထဲရောက်လာချိန်တွင် ပူးပေါင်းဆောင်ရွက်မည်ဟု အန်အယ်လ်ဒီပြော
Donate to DVB

အန်အယ်လ်ဒီပါတီဟာ ၈၈ မျိုးဆက်ကျောင်းသားတွေ အများဆုံး ပါဝင်တည်ထောင်ထားတဲ့ ပြည်သူ့ပါတီနဲ့ လွှတ်တော်ထဲရောက်လာချိန်မှာ တနည်းနည်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခုနှစ်အတွင်း အသစ်ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ပါတီနဲ့ ဘယ်လို လက်တွဲဆောင်ရွက်ဖို့ ရှိလဲဆိုတဲ့ ဒီဗွီဘီသတင်းဌာနရဲ့မေးမြန်းမှုကို အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

“ဒီမိုကရေစီနည်းအရဆိုရင် ကျနော်တို့က အမြဲတမ်းလက်တွဲ ဆောင်ရွက်မှာပါ။ ကျနေခုဏက ပြောသလို အမတ်နေရာကို ခွဲဝေယူတာကတော့ လက်တွဲဆောင်ရွက်တာမျိုး မဟုတ်ပါဘူး။ဒါကတော့ အာဏာရဖို့အတွက် ကျနော်တို့ ညှိနှိုင်းတဲ့သဘောပါ။ အဲဒီတော့ ကျနော်တို့လက်တွဲဆောင်ရွက်မယ်ဆိုတာ သူတို့လည်း သူတို့ကို ထောက်ခံတဲ့ ပြည်သူရဲ့မဲကို တရားသောနည်းအားဖြင့် တောင်းပါ။ ကျနော်တို့လည်း ကျနော်တို့အဖွဲ့ချုပ်ကို ထောက်ခံတဲ့ ပြည်သူဆီကမဲကို တရားသောနည်းအားဖြင့် တောင်းမှာပါ။ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ရပြီးတဲ့အခါမှာ လွှတ်တော်အတွင်းမှာ ကျနော်တို့ တနည်းတဖုံတော့ ပူးပေါင်းဆောင်ရွက်သွားမှာပါ’ ’လို့ ဒေါက်တာမျိုးညွန့်က ၉၈ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့မှာ ပြောဆိုခဲ့ပါတယ်။

အန်အယ်လ်ဒီအစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်မှုဟာ တန့်နေသလိုဖြစ်တာကြောင့် တိုင်းရင်းသားပါတီတွေအနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်ချက်ကို အားမလိုအားမရဖြစ်မှုတွေ ရှိတယ်လို့ ဒေါက်တာမျိုးညွန့်က ၀န်ခံပြောဆိုခဲ့ပါတယ်။

အန်အယ်လ်ဒီပါတီဟာ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဆက်ဆံမှုဟာ အခက်အခဲတချို့ ပြေလည်သွားရင် သိသိသာသာရှေ့တိုးလာမယ်လို့ သူကပြောပါတယ်။

အန်အယ်လ်ဒီပါတီအနေနဲ့ မဟာမိတ်မူဝါဒကောင်းကောင်းမရှိဘူးဆိုတဲ့ တိုင်းရင်းသားပါတီတချို့ရဲ့ ပြောဆိုမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်နေရာခွဲဝေယူရုံနဲ့ အဆင်ပြေမှာ မဟုတ်ဘဲ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေ၊ နည်းဗျူဟာမဟာဗျူဟာတွေ အသေးစိတ်ညှိနှိုင်းပြီးရင် လက်မတွဲနိုင်စရာမရှိဘူးလို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။

သတင်းနှင့်ဓာတ်ပုံ - စိုးမိုးအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013