DVB Logo
Home
မြန်မာသတင်း
အပြုသဘောမဆောင်သည့် အင်အားစုများ ငြိမ်းချမ်းရေးကို ဖျက်ဆီးနေဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
December 2, 2018
အပြုသဘောမဆောင်သည့် အင်အားစုများ ငြိမ်းချမ်းရေးကို ဖျက်ဆီးနေဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
Donate to DVB

အပြုသဘောမဆောင်တဲ့ အင်အားစုတွေဟာ နေရာတိုင်းမှာရှိနေကြပြီး ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်တွေကို တိုက်စား ဖျက်ဆီးနေကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မနေ့ မနက်ပိုင်းက နီပေါနိုင်ငံ ခတ္တမန္ဒူးမြို့မှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးဖွင့်ပွဲ မိန့်ခွန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အခုလိုပြောကြားခဲ့တာပါ။

ဒီအစည်းအဝေးကို “အပြန်အလှန်မှီခိုမှု၊ အကျိုးတူသာယာဝပြောမှုနှင့် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများကို အလေးထားပြီး မျက်မှောက်ကာလမှာ မိမိတို့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းကြရေး” ခေါင်းစဉ်နဲ့ နီပေါအစိုးရနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးဖောင်ဒေးရှင်းတို့က ဦးဆောင်ကျင်းပတာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်းဆန်းစုကြည်က “ဒီကနေ့ကမ္ဘာကြီးဟာ မသေချာမရေရာမှုတွေ၊ ကုန်သွယ်ရေး တင်းမာမှုတွေနဲ့ အင်အားကြီး နိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုတွေနဲ့၊ အထူးသဖြင့် မိမိတို့ ဒေသအတွင်းမှာ ကြုံတွေ့နေရပါတယ်။ သမားရိုးကျနှင့် သမားရိုးကျမဟုတ်တဲ့ ခြိမ်းခြောက်မှုတွေဟာ ကြီးမားသောစိန်ခေါ်မှုများကို ဖြစ်စေလျက်ရှိကြပြီး တစ်ခါတစ်ရံမှာ မမျှော်လင့်ထားတဲ့ နေရာကနေ ပေါ်ထွက်လာတာကို တွေ့မြင်ရပါတယ်။  သဘာဝဘေးအန္တရာယ်များ၊ အကြမ်းဖက်မှုများ၊ စားနပ်ရိက္ခာရှားပါးမှု၊ ရောဂါဘယများ၊ ရွှေ့ပြောင်းသွားလာမှုနှင့် နေရပ်စွန့်ခွာမှု၊ ဆင်းရဲနွမ်းပါးမှု၊ တရားမမျှတမှု၊ ခွဲခြားဆက်ဆံမှု၊ ဘက်လိုက်မှုနှင့် မတူကွဲပြားမှုအပေါ် လက်မခံမှုများ ဖုံးလွှမ်းနေတဲ့ သတင်း ဖြစ်စဉ်တွေကို မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ အမြဲမပြတ် ကြားသိနေကြရပါတယ်။ အပြုသဘောမဆောင်တဲ့ အင်အားစုများဟာလည်း နေရာတိုင်းမှာရှိနေကြပြီး ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်များကို တိုက်စား ဖျက်ဆီးလျက်ရှိကြပါတယ်။” လို့ပြောပါတယ်။

ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အာမခံနိုင်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်သွားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

“မိမိတို့ အားလုံး နေထိုင်ရာဖြစ်တဲ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို အာမခံနိုင်ဖို့ အထောက်အကူပြုမယ့် မှန်ကန်သော ဖြေရှင်းမှုရရှိရေးနဲ့ သဟဇာတဖြစ်မှုကို ခြိမ်းခြောက်နေတဲ့ ပြဿနာရဲ့ အကြောင်းရင်းတွေကို ရှာဖွေဖော်ထုတ်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ မလွဲမသွေ တိုးမြှင့် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ မည်သည့်နိုင်ငံမျှ တနိုင်ငံတည်း ရပ်တည်ရှင်သန်၍ မရနိုင်ပါ။ အမျိုးသားအကျိုးစီးပွားကို ဖော်ထုတ်ရန်နဲ့ ကာကွယ်ရန်၊ ငြိမ်းချမ်းရေးနဲ့ အကျိုးတူသာယာ ဝပြောရေးတို့ ရရှိရန်အတွက် နိုင်ငံတိုင်းဟာ နှစ်နိုင်ငံချင်းဖြစ်စေ၊ ဒေသတွင်း အချင်းချင်းဖြစ်စေ ထိတွေ့ဆက်ဆံကြဖို့ လိုအပ်ပါတယ်။ အပြန်အလှန် မှီခိုနေထိုင်ကြရတဲ့ ယနေ့ကမ္ဘာကြီးမှာ ငြိမ်းချမ်းမှုကို ရှေးရှုတဲ့ယဉ်ကျေးမှုတစ်ရပ်ကို တိုးမြှင့်ဖော်ထုတ်ခြင်း နည်းလမ်းဖြင့်သာ မတူကွဲပြားတဲ့ လူမှု အသိုက်အဝန်းများအကြားမှာ သဟဇာတဖြစ်မှုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။”

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ မွန်းလွဲပိုင်းကလည်း နီပေါ-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr Shanker Ghimire၊ အကြံပေးပုဂ္ဂိလ် Mr.Sushil Bikram Shahi တို့နဲ့  တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပိုမိုကောင်းမွန်တဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ ဆက်ဆံရေးကဏ္ဍ တိုးမြှင့်ဖော်ဆောင်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

ထိပ်သီးအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်၊ နီပေါဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ ဖိလစ်ပိုင်ဒုသမ္မတ၊ အာရှ-ပစိဖိတ်နိုင်ငံတွေက အကြီးအကဲတွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဘာသာရေးအသင်းအဖွဲ့တွေမှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013