
စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ဇွန် ၁၅ ရက် ဒီနေ့မနက်က စတင်ထွက်ခွာသွားတယ်လို့ စစ်အာဏာရှင်က သတင်းထုတ်ပြန်ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒီနေ့မနက်က နေပြည်တော်လေဆိပ်ကနေ စတင်ထွက်ခွာသွားတာ ဖြစ်ပါတယ်။
အဆိုပါခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဝန်ကြီးချုပ် အပါအဝင် အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအပြင် နည်းပညာအကူအညီပေးရေးကိစ္စတွေ အလေးထား ဆွေးနွေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။
ခရီးစဉ်အတွင်း ၂ နိုင်ငံဆွေးနွေးပွဲတွေ ကျင်းပဖို့ရှိပြီး တရုတ်နိုင်ငံဝန်ကြီးချုပ်နဲ့ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အကြီးအကဲတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိနေပါတယ်။
ဒါ့အပြင် စီးပွားရေးကွန်ဖရင့်သို့ တက်ရောက်ဖို့ရှိပြီး အဆင့်မြင့်နည်းပညာသုံး စက်မှုလုပ်ငန်းတွေကို သွားရောက်လေ့လာသွားမယ်လို့လည်း စစ်အာဏာရှင် ပြန်ကြားရေးက သီးခြားထုတ်ပြန်ထားပါတယ်။
ဒီခရီးစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး ကိစ္စရပ်တွေ၊ ၂ နိုင်ငံအစိုးရနဲ့ ပြည်သူတွေအကြား စီးပွားရေး၊ လုံခြုံရေးဆိုင်ရာကိစ္စတွေ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာရှင် သမ္မတနဲ့အတူ သူခန့်ထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေလည်း လိုက်ပါသွားပါတယ်။
ဒီခရီးစဉ်ဟာ စစ်အာဏာရှင် မင်းအောင်လှိုင် သမ္မတရာထူးတာဝန် ယူပြီးနောက် တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တဲ့ ခရီးစဉ်လည်းဖြစ်ပြီး အိန္ဒိယခရီးစဉ်အပြီး ပေါ်ထွက်လာတဲ့ ဒုတိယမြောက် ပြည်ပခရီးစဉ်လည်း ဖြစ်ပါတယ်။
မြန်မာစစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေဟာလည်း ဇွန် ၄ ရက်ကနေ ၆ ရက်အထိ ပေကျင်းမြို့ကို သွားရောက်ပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီခရီးစဉ်မှာ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို မြန်မာနိုင်ငံဘက်က တိကျသေချာစွာ အာမခံပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှုတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ပူးပေါင်းနှိမ်နင်းပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ လိုတဲ့အကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက သတိပေး ပြောကြားခဲ့ပါတယ်။










