DVB Logo
Home
မြန်မာသတင်း
လူမှု စီပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ကြိုးစားဆောင်ရွက်မည်ဟု ကေအန်ယူပြော
DVB
·
December 1, 2018
လူမှု စီပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ကြိုးစားဆောင်ရွက်မည်ဟု ကေအန်ယူပြော
Donate to DVB

ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ ငြိမ်းချမ်းရေးက အဓိကအရေးကြီးဆုံးဖြစ်သလို ငြိမ်းချမ်းရေးကို ထိန်းသိမ်းပြီး ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ကေအန်ယူက ပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက် မနက် ၉ နာရီက ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ-ဗဟို) မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု ကျေးရွာအခြေပြု မွေးမြူရေး၊ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းသင်တန်းဆင်းပွဲမှာ ပြောပါတယ်။

သင်တန်းကို ငြိမ်းချမ်းရေးမိသားစုဝင်တွေနဲ့ ဒေသခံကျေးရွာတွေ စိုက်ပျိုးမွေးမြူရေးနဲ့ ဝင်ငွေရရှိစေဖို့၊ သင်တန်းသား သင်တန်းသူတွေအနေနဲ့ ပို့ချပေးလိုက်တဲ့ နည်းပညာတွေကို မိမိတို့ဒေသမှာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ပို့ချခဲ့တာပါ။

ကေအန်ယူ မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနမှူး ဖဒိုစောမြမောင်က "ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ငြိမ်းချမ်းရေးက အဓိကအရေးကြီးဆုံးဖြစ်တယ်။ ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းပြီး ကျေးရွာမိသားစုဝင်တွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့အတူ ကြိုးစားဆောင်ရွက်သွားမယ်" လို့ ပြောပါတယ်။

ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက "ယခုလို ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ကာလမှာ ကျေးလက်နေပြည်သူတွေနဲ့ ငြိမ်းချမ်းရေးမိသားစုဝင်တွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးမှာဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှာ ဝင်ငွေတိုးတက်ရရှိစေဖို ကူညီဆောင်ရွက်ပေးသွားမယ်" လို့ ပြောပါတယ်။

သင်တန်းမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်တဲ့ လယ်၊ ယာနဲ့ အခြားသီးနှံစိုက်ပျိုးနည်း၊ မွေးမြူလုပ်ငန်းဖြစ်တဲ့ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ဘဲ မွေးမြူနည်း၊ ရေလုပ်ငန်းဖြစ်တဲ့ ငါး၊ ဖား မွေးမြူနည်းတွေကို စနစ်တကျ လုပ်ကိုင်ဆောက်ရွက်နိုင်ဖို့ လက်တွေ့သင်ကြားပေးခဲ့ပါတယ်။

သင်တန်းကာလ ၁ လကြာမြင့်ခဲ့ပြီး သင်တန်းကို ကေအန်ယူ/ကေအန်အယ်လ်အေ (ပီစီ)၊ ဒီကေဘီအေ၊ ကေအန်ယူတပ်မဟာ ၁၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၆ ၊ ၇ မှ တပ်ဖွဲ့ဝင်မိသားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်ဒေသက ကျေးရွာသူ ကျေးရွာသား ၄၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

 

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013