DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်း ကျုးလွန်သူကို ထောင်တသက်ပြစ်ဒဏ်ချရန် အမျိုးသားလွှတ်တော်အတည်ပြု
DVB
·
November 30, 2018
သက်ငယ်မုဒိမ်း ကျုးလွန်သူကို ထောင်တသက်ပြစ်ဒဏ်ချရန် အမျိုးသားလွှတ်တော်အတည်ပြု
Donate to DVB

အသက် ၁၂ နှစ်နဲ့ ၁၂ နှစ်အောက် မိန်းကလေးတွေအား မုဒိမ်းမှုကျုးလွန်တဲ့သူတွေကို  ထောင်ဒဏ်တသက် ပြစ်ဒဏ်ပေးဖို့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

ရာဇသတ်ကြီးကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းရဲ့ အပိုဒ် ၃၇၆၊ အပိုဒ်ခွဲ (၃) ပါ သက်ငယ်မုဒိမ်း အသက်သတ်မှတ်ချက်မှာ အသက် ၁၂ နှစ်နဲ့ ပြစ်ဒဏ်မှာ ထောင်ဒဏ် ၂၀ သို့မဟုတ် ထောင်တစ်သက်(ထောင်ထဲမှာ သေသည်ထိ လွတ်ရက်မရှိ) လို့ ပြင်ဆင်သတ်မှတ် အတည်ပြုလိုက်တာပါ။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်က နော်လှလှစိုးက အသက်အရွယ် သတ်မှတ်ချက်မှာ ၁၂ နှစ်အစား ၁၆ နှစ်လို့ ပြင်ဆင်ဖို့နဲ့ တပ်မတော်သားကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး အောင်ထွန်းလင်းက ပြစ်ဒဏ်မှာ သေဒဏ်ထည့်ဖို့ ပြင်ဆင်ချက်တင်သွင်းထားတာကြောင့် မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

အသက် ၁၂ နှစ်အစား ၁၆ နှစ် ပြင်ဆင်သတ်မှတ်ဖို့ မဲခွဲတာမှာ အသက် ၁၂ နှစ်သတ်မှတ်ဖို့ ထောက်ခံမဲများတဲ့အတွက် မူလပြင်ဆင်ချက် အဆိုတင်သွင်းသူနဲ့ ဥပဒေကြမ်းကော်မတီရဲ့ သဘောထားအတိုင်း အသက် ၁၂ နှစ်ကို အတည်ပြုလိုက်ပါတယ်။

ပြစ်ဒဏ်မှာလည်း တပ်မတော်သားကိုယ်စားလှယ်ရဲ့ သေဒဏ်ထည့်ဖို့ ပြင်ဆင် ချက်ဟာလည်း ကန့်ကွက်မဲများတဲ့အတွက် ရှုံးနိမ့်ခဲ့ပါတယ်။

ဒီဥပဒေမှာ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်တဲ့ ပြင်ဆင်ချက်တင်သွင်းခဲ့တဲ့ အန်အယ်လ်ဒီ လွှတ်တော်အမတ် ဦးအောင်သိန်းက "အသက်အရွယ်က ၁၆ နှစ်ဆိုတာက နဂိုကတည်းက ရာဇသတ်ကြီးကို ပြင်ဆင်တဲ့ ဥပဒေမှာ ပြဋ္ဌာန်းပြီးဖြစ်တဲ့အတွက် အဲဒါကို ထပ်ပြီးတော့ တိုးပြင်လို့ မရတော့ဘူး။ အခုကျနော်တို့ ပြင်တာက သက်ငယ်မုဒိမ်းဆိုတဲ့ဟာကို အဓိကထားပြင်တာ။ သက်ငယ်မုဒိမ်းက အသက် ၁၂ နှစ်ထိ သတ်မှတ်တယ်ပေါ့။ ၁၂ နှစ်ထိ ကျုးလွန်တဲ့သူကို ထောင်ဒဏ် နှစ် ၂၀ ဒါမှမဟုတ် လွတ်ရက်မရှိ ထောင်တသက်ဆိုတဲ့ဟာ ပြစ်ဒဏ်ပေးဖို့ အတည်ပြုတာပါ။ သေဒဏ်ပေးဖို့ တင်ပြတာတွေရှိပေမယ့် ပုဒ်မ ၃၀၂ (၁) မှာ သေဒဏ် ပြဋ္ဌာန်းထားတဲ့ ဥပဒေရှိထားပြီးဖြစ်ပါတယ်" လို့ ပြောပါတယ်။

အသက်သတ်မှတ်ချက်မှာ ရာဇသတ်ကြီးကို ပြင်ဆင်တဲ့ ဥပဒေမှာ အသက် ၁၆ နှစ်လို့ ပြင်ဆင်ခဲ့ပြီးဖြစ်ပြီး အခုပြင်ဆင်တဲ့ ဥပဒေကြမ်းဟာ သက်ငယ်မုဒိမ်းအတွက် အဓိက ပြင်ဆင်တာဖြစ်လို့ အသက် ၁၆ နှစ်သတ်မှတ်ဖို့ မသင့်ဘူးလို့ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

ဒါအပြင် ပြစ်ဒဏ်မှာလည်း လူ့အခွင့်အရေးစံနှုန်းတွေနဲ့ ကိုက်ညီမှုရှိအောင် အထူးသုံးသပ်ဆောင်ရွက်ရတဲ့ ပြစ်ဒဏ်ဖြစ်လို့ သေဒဏ်ကို ထည့်သွင်းသတ်မှတ်ဖို့ မသင့်ဘူးလို့လည်း အကြံပြုထားပါတယ်။ ဒီဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ ပြည်သူ့လွှတ်တော်ကို ဆက်လက်ပေးပို့သွားမှာဖြစ်ပါတယ်။

နေဖြိုးဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013