
တနိုင်တပိုင် မှိုစိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ မွန်ပြည်နယ်က မှိုစိုက်တောင်သူတွေအနေနဲ့ ကုန်ကြမ်းဈေးနှုန်းမြင့်တက်လာပြီး လုပ်သားရှားပါးလာတဲ့အတွက် ရောင်းရတဲ့ဈေးနှုန်းနဲ့ တွက်ခြေမကိုက်ဘဲ အခက်တွေ့နေတယ်လို့ မှိုစိုက်တောင်သူတွေက ပြောပါတယ်။
မွန်ပြည်နယ်မှာ ကောက်ရိုးမှို နဲ့ ငွေနှင်းမှိုကို တနိုင်တပိုင်စိုက်ပျိုးလုပ်ကိုင်သူတွေ များပြားပြီး ကောက်ရိုးမှိုမှာ ဈေးကွက်ရှိပေမယ့် လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေ လတ်တလော ဈေးတက်လာတဲ့အပြင် လုပ်သားငှားရမ်းခနဲ့ လုပ်သားရှားပါးမှုတွေလည်း ရှိနေတယ်လို့ သထုံမြို့နယ်မှာ ကောက်ရိုးမှိုစိုက်ပျိုးလုပ်ကိုင်နေတဲ့ ဒေါ်သန်းဦးက ပြောပါတယ်။
“မှိုကဈေးကောင်းတော့ ရပါတယ်။ ဒါပေမယ့် ကုန်ကြမ်းဈေးတက်လာတော့လည်း ဒီဈေးပဲရတယ်။ အခုက ကုန်ကြမ်းတွေကို စုစည်းမယ့် လုပ်သားတွေလည်း ရှားပါးလာတယ်။ တကယ့်တကယ် စီးပွားဖြစ်စိုက်ပျိုးမယ့် သူတွေလောက်ပဲ ၀င်ငွေဖူလုံတယ်။ တနိုင်တပိုင်ကျတော့ ရောင်းရင် စားဖို့လောက်ပဲ ရတယ်။ ကုန်ကြမ်းပါ ဈေးတက်လာတော့ သိပ်မကျန်တော့ဘူး။”
ကောက်ရိုးမှို စိုက်ပျိုးဖို့အတွက် ကုန်ကြမ်းအနေနဲ့ နွားချေး၊ ဗေဒါ၊ စပါးခွံ၊ စက္ကူ၊ ဖွဲနု နဲ့ မှိုအားဆေးတွေ လိုအပ်ပြီး အရင်က ၁ သောင်းခွဲကျပ်နဲ့ နွားချေး ၂၂ အိတ် ရရှိပေမယ့်လည်း အခုအခါ ၁၆ အိတ်သာ ရရှိတော့ကြောင်း၊ စက္ကူထူ တပိဿာကို အရင်ကက ၁၀၀ ကျပ်မှ ၁၂၀ ကျပ်ဝန်းကျင်သာ ပေးဝယ်ရပေမယ့် အခု ၂၀၀ ကျပ်အထိ ဈေးမြင့်လာပြီး ဖွဲနုတပြည် ၃၅၀ ကျပ်၊ လုပ်သားခ တနေ့ ၅၀၀၀၊ ၆၀၀၀ ကျပ်အထိ ပေးရကြောင်း၊ ရာသီဥတုနဲ့အပူချိန်ကို အမြဲချိန်ညှိနေရတဲ့အတွက် စောင့်ကြည့်ရတဲ့ လုပ်သားတွေလည်း တော်တော်များများ လိုအပ်တယ်လို့ သိရပါတယ်။
“မှိုက အရမ်းဂရုစိုက်ရတယ်။ စီးပွားဖြစ်ပုံစံမျိုး စိုက်နိုင်ရင်တော့ ၀င်ငွေများမယ့် အလုပ်တခုဖြစ်ပေမယ့် ဂရုမစိုက်နိုင်ရင်တော့ အရင်းတောင်အနိုင်နိုင်ပဲ။ စိုက်ပျိုးရေးမှိုတွေနဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေ၊ ကူညီထောက်ပံ့တာတွေတော့ မရဘူး။ ကိုယ့်ဘာသာ လေ့လာပြီး မသိခင်က ရမ်းပြီး စိုက်နေရတယ်။ အခု စနစ်တကျ စိုက်ပျိုးနည်းသိတော့ ကုန်ကြမ်းအတွက် အခက်ခဲတွေဖြစ်တယ်” လို့ သထုံမြို့နယ်မှာ ကောက်ရိုးမှို တနိုင်တပိုင် ကိုယ်တိုင်စိုက်ပျိုးနေတဲ့ ကိုမင်းမင်းဖြိုးက ပြောပါတယ်။
ကောက်ရိုးမှိုဟာ စိုက်ပြီး ၁၃ ရက်မှ ၁၅ ရက်အတွင်း ခူးယူနိုင်ပြီး မျိုး ၃၆ ထုတ်ထည့်ရတဲ့ မှိုတရုံကို ပထမအသုတ်အနေနဲ့ ပိဿာ ၄၀ မှ ၅၀ အထိ ထွက်ရှိပြီး ဒုတိယအသုတ်အနေနဲ့ ၁၀ ပိဿာအထက် ထွက်ရှိကြောင်း၊ ငွေနှင်းမှိုဟာ မျိုးစေ့ကို ၁ လခွဲလောက် နှပ်ထားရပြီးနောက် စိုက်ပြီး ၄ ရက် (ဒါမှမဟုတ်) ၅ ရက်အကြာ ခူးယူနိုင်တယ်လို့ မှိုစိုက်တောင်သူတွေက ပြောပါတယ်။
လက်ရှိမှိုပေါက်ဈေးမှာ ၁ ပိဿာကို ၄၀၀၀ ကျပ်ဝန်းကျင်နဲ့အထက်ရှိပြီး ရန်ကုန်၊ ဘားအံ နဲ့ အခြားမြို့ကြီးတွေမှာ ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိ ဈေးကောင်းရရှိတယ်လို့ သိရပါတယ်။
ကောက်ရိုးမှိုမျိုးစေ့ကိုလည်း ထိုင်း-မြန်မာနယ်စပ်နဲ့ ကရင်ပြည်နယ်၊ မြ၀တီမြို့ဘက်မှ တိုက်ရိုက်မှာ ယူလေ့ရှိကြပြီး မျိုးစေ့တထုပ်ကို ၁၀၀၀ ကျပ်ရှိပြီး နောက်ပိုင်းမှာ ဈေးမြင့်လာဖို့ရှိကြောင်းနဲ့ ငွေနှင်းမှိုတွေကတော့ ၁ ပိဿာ ၂၀၀၀ ကျပ်အထက်သာ ဈေးရရှိတဲ့အတွက် စိုက်ပျိုးသူနည်းပါးနေသေးတယ်လို့ မှိုစိုက်တောင်သူတွေက ပြောပါတယ်။
မှိုစိုက်ပျိုးရေးကို မွန်ပြည်နယ် သထုံ၊ ဘီးလင်းနဲ့ မုဒုံမြို့နယ်တို့မှာ အများဆုံး စိုက်ပျိုးလေ့ရှိကြပြီး ကရင်ပြည်နယ်မြဝတီဘက်မှာလည်း စီးပွားဖြစ်စိုက်ပျိုးကြပါတယ်။
သတင်းနှင့်ဓာတ်ပုံ - အာကာမင်း










