DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ငြိမ်းချမ်းရေးညစာ အတူစားကြမယ်
DVB
·
November 30, 2018
ငြိမ်းချမ်းရေးညစာ အတူစားကြမယ်
1 / 2
Donate to DVB

ဒီနေ့ ဖေ့စ်ဘွတ်ခ်ကိုဖွင့်တော့ ဦးအောင်ပွင့် ဆုံးတယ်ဆိုတာ ဖတ်ရတယ်။ ကျမဘဝတလျှောက်လုံး ဆုံဆည်းခဲ့ရတဲ့အထဲမှာ မိသားစုလို ဂရုစိုက်ပြီး လက်တွဲခေါ်ယူ ဆိုဆုံးမစကားတွေ ဆိုခဲ့သူပါ။ သူပေးခဲ့တဲ့ ကလောင်နာမည်က ကြည်ခင်မတဲ့။ အဲဒီကလောင်နာမည်နဲ့ ၁၉၉၅ ခုနှစ်က ရုပ်ရှင်တေးကဗျာမှာ ၂ လဆက်တိုက် ကဗျာ ၂ ပုဒ် ပါခဲ့ဖူးတယ်။

နောက် စစ်အစိုးရ ဆန့်ကျင်ရေးတွေမှာလည်း နီးနီးကပ်ကပ်။ ရန်ကုန်မှာ ကျမ ပြေးထွက်ခိုလှုံချိန်မှာလည်း အလုပ်ရအောင်ကအစ ကူညီခဲ့တယ်။ လက်ရှိမီဒီယာမှာလုပ်ဖို့ အစဦးဆုံး ဗွီဒီယိုကင်မရာ ကိုင်ဖို့ထိ ဖြစ်လာအောင် လမ်းပြပေးခဲ့သူပါ။

ကျမ မီဒီယာလုပ်နေတော့ သူက ဝမ်းသာကြည်နူးလို့တဲ့။ တခါတလေ ကျမ ညည်းမိရင် ဒီအလုပ်က နင့်အတွက် ယုံကြည်မှုနဲ့တွဲပြီး လုပ်လို့ရတဲ့ အကောင်းဆုံးအလုပ်ပါတဲ့။ မီဒီယာမှာ ကိုယ့်လူတွေရှိဖို့ လိုတယ်တဲ့။ ထွက်ဖို့ စဉ်းတောင်မစဉ်းစားပါနဲ့လို့ ဆုံးမစကား ဆိုခဲ့တယ်။

ဖေ့စ်ဘွတ်ခ်ပေါ်မှာ နိုင်ငံရေးတွေရေးတုန်းက နင့်လေသံတွေ မာလိုက်တာ၊ လျှော့ပါ၊ ပျော့ပျော့ပြောင်းပြောင်း ပြောပါတဲ့။ အားမရတာကတော့ အနည်းနဲ့အများပဲ ကွာပါတယ်။ သိပ်ပြီး မျှော်လင့်ရင် သိပ်ပြီး အားမရဖြစ်တာပေါ့တဲ့။ တကယ့်ကို ငြိမ်းချမ်းရေးစကား ဆိုခဲ့တယ်။

သူ့သား သူ့သမီးတွေကို ကျမဆီ ယုံယုံကြည်ကြည်အပ်နှံခဲ့။ ကျမ လွိုင်ကော်က ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ နယ်မြေမှာ နေထိုင်တော့လည်း သူ့သားကို ကျမအမျိုးသားဆီမှာပဲ တော်လှန်ရေးရဲဘော်အဖြစ် အပ်နှံခဲ့ပါတယ်။

ဦးအောင်ပွင့်ရဲ့ သားအကြီး မောင်ကြီးငြိမ်းချမ်းဟာ အဲ့ဒီကတည်းက ကျမနဲ့ ကိုမင်းဇော်ရဲ့ သားလို စောင့်ရှောက်ခဲ့ရသူပါ။ ကျမကို အန်တီလို့ခေါ်ခဲ့ပြီး မဟုတ်မခံ ဇတ်ဇတ်ကြဲ သူ့ပြဿနာမှန်သမျှ ကျမက ဒိုင်ခံဖြေရှင်းခဲ့သူဆိုပါတော့။

သမီး လုံမငြိမ်းချမ်း ၁၀ တန်းအောင်ပြီးချိန်မှာလည်း ဆိုင်ထွက်ရင်း တချောင်းထိုး နှစ်ချောင်းထိုးတွေ ထိုးနေတတ်တဲ့ ကျမဆီ ယုံကြည်စွာ လာအပ်ခဲ့သေးတယ်။ မိန်းမတို့တပ်အပ်တဲ့ ပညာတွေ သင်ပေးပါတဲ့။

သူနဲ့ပတ်သက်ပြီး မှတ်မှတ်ရရ တခုရှိသေးတယ်။ အဖမ်းမခံရခင် နောက်ဆုံးအခေါက် လွိုင်ကော်ရုံးကို ငှက်ဖျားဖြစ်နေရင်း ရောက်လာတယ်။ ဘာမှမစားချင်အောင် အစားပျက်နေပြီး အိပ်ယာပေါ်လဲနေတဲ့ သူ့ကို ကျမက ခံတွင်းလိုက်အောင် လုပ်ပေးမယ်လို့ ပြောပြီး ထိုင်းကလာတဲ့ လိမ္မော်ရည်ဖျော်တဲ့အမှုန့် (TANCHO တံဆိပ်လို့ထင်တာပဲ) ကို ဖျော်တိုက်တယ်။ လွိုင်ကော်ဆိုတော့ ရာသီဥတုက အေးနေတဲ့ မြို့ကလေး။ မနက်စောစော လိမ္မော်ရေ အေးအေးလေး သောက်ပြီး သူက လန်းဆန်းလာတယ်။ နောက်ဆို သူနေမကောင်းတိုင်း ကြည်ကြည်ခင်တိုက်တဲ့ လိမ္မော်ရည်ကို တမ်းတမ်းတတ ပြောတတ်တယ်တဲ့။

ကျမ မင်္ဂလာဆောင်ကို သူလာတက်ခဲ့သလို ကျမ ကလေးတလခွဲနဲ့ ပုသိမ်ကိုပြန်တော့လည်း အိမ်အရောက် လာကြည့်ခဲ့တယ်။ ကလေးလေးချီထားတဲ့ ကျမကိုကြည့်ပြီး အသက်ငယ်ငယ်နဲ့ လောကဓံတွေက ကြမ်းလွန်းပါတယ်လို့ ညည်းတွားမှတ်ချက်ပြုတယ်။ ကျမ အဖမ်းခံရတော့ ကလေးကို လာကြည့်ကြ၊ အမေထောင်ထဲဝင်နေလို့ နို့ဘူးတိုက်ဖို့ ကြိုးစားကြတဲ့ ရဲဘော်မိတ်ဆွေတွေထဲ ဦးအောင်ပွင့် ပါတယ်။

နောက်တော့ ကျမကို ကလေးကြီးလာရင် မင်းဇော်နောက်ကို ငါလိုက်ပို့ပါ့မယ်တဲ့။ မိခင်ပျောက်ရှာခဲ့တဲ့သူမို့ မိသားစု ခွဲခွာနေရတဲ့အဖြစ်ကို သူက မခံစားနိုင်ဘူး။ ကလေးဆိုတာ မိဘနဲ့ အတူရှိသင့်တာ၊ ဒါ သူ့အခွင့်အရေးလို့ ပြောဖူးတယ်။ နင်တို့သားအမိကို ငါကိုယ်တိုင်လိုက်ပို့မယ်လို့ ပြောပြီး သိပ်မကြာဘူး အဖမ်းခံရတယ်။ ထောင်နှစ်ရှည်ကျခဲ့တယ်။ စစ်ကြောရေးမှာ ကျမတို့နဲ့ ပတ်သက်ဆက်နွှယ်မှုတွေ လုံးဝမထွက်ဆိုခဲ့တဲ့အတွက် ကျမ အဖမ်းမခံခဲ့ရဘူး။ အဲ့ဒီအချိန်က အတော်များများ အဖမ်းခံခဲ့ရသူတွေရဲ့ နှုတ်လုံမှုက အံ့မခန်း။ သတင်းစာထဲ ငါတို့နာမည် ဘယ်နေ့ပါမလဲလို့ ရင်တထိတ်ထိတ်နဲ့ နေခဲ့ရတဲ့ရက်တွေ လွန်မြောက်အောင် သူတို့အားလုံး နှုတ်လုံခဲ့ကြတယ်။

ကျမသားကို ဖေထူးအံ့လို့ နာမည်ပေးတယ်။ အဲဒီနာမည်မပေးခင်က ငြိမ်းချမ်းရေးကိုချစ်တဲ့ ဦးအောင်ပွင့်က ပုညငြိမ်းချမ်းလို့ ပေးတယ်။ ယောက်ျားလေး နာမည်လေးလုံး မကြိုက်ဘူးဆိုတော့ ဖေထူးအံ့တဲ့။ အီဖေကိုယ်ထူးပေအံ့လို့ စာချိုးနဲ့ လာပေးတာ။ ကျမကလည်း နည်းနည်းတော့ ပြင်လိုက်ရမှဆိုတဲ့ လူမျိုး။ ဖေက ရင့်တယ်လို့၊ ပိုင်ဆိုင်မှုတွေ ထူးပေအံ့ဆိုပြီး ပိုင်ထူးအံ့လို့ နာမည်မှည့်လိုက်တာ ဒီနေ့ထိ အတည်ပဲ။

ဦးအောင်ပွင့် ထောင်ကလွတ်လာတော့ အင်တာဗျူးတွေမှာ အပြန်လမ်းမှာ မြင်ရတဲ့ ကောက်စိုက်သမတွေ အကြောင်းနဲ့ ဆက်စပ်ပြောသွားတာမျိုးတွေ နားထောင်ပြီး အင်မတန် တွေ့ချင်ခဲ့တယ်။

ကျမတို့ ပထမဆုံး မြန်မာပြည်ပြန်တော့ သူ့ဆီသွားလည်တယ်။ အဲ့အချိန်မှာ အခုဖြစ်နေတဲ့ ပါကင်ဆွန်လို စဖြစ်နေပြီ။ ကင်ဆာဖြစ်နေတဲ့ ကျမအဖေမဆုံးခင် သူကိုယ်တိုင် လာကြည့်သေးတယ်။ ဒီလိုနဲ့ ကျန်းမာရေး တစစလျော့ရဲလာတာပါပဲ။

အမနန်း အရင်ဆုံးသွားတော့ ဦးအောင်ပွင့်တော့ သိပ်ကြာမယ်မထင်ဘူးလို့။ သူက သူ့မိန်းမကို အရမ်းချစ်တာလို့ ပြောခဲ့သေးတယ်။ ပုသိမ်သွားတိုင်း သူ့ဆီဝင်ပြီး နိုင်ငံရေးနဲ့ ပတ်သက်ပြီး မကျေနပ်တာတွေကို ပြောဖြစ်တယ်။ ထုံးစံအတိုင်း သူကတော့ ပြုံးပြီး နားထောင်နေမယ်၊ ပြီးရင် ပြေရာပြေကြောင်း ပြောမယ်။ ကျမကို ကဗျာတွေ စာတွေ ရေးဖို့ ပြောမယ်။

ဒီဘဝတော့ ဒီလောက်ပါပဲ။ ဆုံဆည်းဖို့ ရေစက်ပါခဲ့တဲ့ သက်တမ်းတလျှောက်မှာ ကျမက အစ်ကိုကြီးလို့ ခေါ်ခဲ့တယ်။ တကယ့်မိသားစုလို နေထိုင်ဆက်ဆံခဲ့ကြတယ်။ အေးအတူပူအမျှ ကျမတို့နဲ့ အတူလိုက်ပါ ခံစားတတ်တဲ့ အစ်ကိုကြီး ဦးအောင်ပွင့် အမနန်းနဲ့ ဆုံနေလောက်ပါပြီ။

ငြိမ်းချမ်းရေးညစာ အတူစားနေပြီထင်ရဲ့။

တနေ့တော့ ကျမတို့လည်း ငြိမ်းချမ်းရေးညစာ အတူလာစားပါ့မယ်။

စောင့်ကြိုလင့်ပါ အစ်ကိုကြီး။

ချစ်ခင်ခြင်းများစွာနှင့်

ခင်မင်းဇော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013