
သမ္မတဦးဝင်းမြင့် အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့အပေါ် ကြိုဆိုတဲ့အကြောင်းနဲ့ ဒီလုပ်ရပ်ဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါ့အပြင် အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အကျဉ်းသား ၄,၃၀၀ ကျော်ကို စစ်အာဏာရှင်က ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးခဲ့ရာမှာ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံရေး အကျဉ်းသားတချို့ ပါဝင်လာတာပါ။
ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ ယုံကြည်မှုတည်ဆောက်ရေးနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတခုဖြစ်တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက “ဒေါ်အောင်ဆန်းစုကြည်နဲ့ အထူးသဖြင့် သက်ကြီးရွယ်အိုနဲ့ နာမကျန်းသူတွေ အပါအဝင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ အလွန်အရေးကြီးကြောင်း” ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဒီလိုလုပ်ဆောင်မှုတွေဟာ အဓိပ္ပာယ်ပြည့်ဝတဲ့ အမျိုးသားအဆင့်ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့နဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့အတွက် အရေးပါတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်အုပ်စုလွှမ်းမိုးထားတဲ့ လွှတ်တော်က သမ္မတအဖြစ် ရွေးချယ်ထားတာတာကို မှတ်သားထားတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံက သက်ဆိုင်တဲ့ အဖွဲ့တွေ အားလုံးနဲ့ဆက်ပြီး ထိတွေ့ဆက်ဆံသွားမယ်လို့ ဖိလစ်ပိုင်နိုင်ငံက ပြောကြားထားပါတယ်။
လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံဟာ လာမဲ့လမှာ အာဆီယံထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိနေတာဖြစ်ပြီး မြန်မာစစ်အာဏာရှင်ကတော့ အာဆီယံ အသိုက်အဝန်းမှာ ပြန်လည်ဝင်ရောက်ခွင့်ရဖို့နဲ့ အသိအမှတ်ပြုခံရဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။










