DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးတွဲလက်များ နယ်လှည့်သင်္ဘော သရက်မြို့ကိုဆိုက်ကပ်
DVB
·
November 30, 2018
ငြိမ်းချမ်းရေးတွဲလက်များ နယ်လှည့်သင်္ဘော သရက်မြို့ကိုဆိုက်ကပ်
1 / 5
Donate to DVB

စစ်ပွဲတွေအမြန်ဆုံး ရပ်စဲရေးအတွက် နယ်လှည့်စည်းရုံးလှုံဆော်နေတဲ့ ငြိမ်းချမ်းရေး တွဲလက်များအဖွဲ့ သင်္ဘောဟာ နိုဝင်ဘာ ၂၉ ရက်မနက်က မကွေးတိုင်းဒေသကြီး၊ သရက်မြို့ကို ဆိုက်ကပ်လာပါတယ်။

ဒီသင်္ဘောပေါ်မှာ သိက္ခာတော်ရ ဆရာတော်ကြီး ဦးသိန်းလွင် ဦးဆောင်တဲ့ ခဝဲခြံမျက်မမြင်ကျောင်း၊ သုံးရောင်ခြယ် ပြည်သူ့အကျိုးပြုကွန်ရက်အဖွဲ့နဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဖြစ်တဲ့ မရမာကြီးတိုင်းရင်းသား အဖွဲ့ဝင်တွေ လိုက်ပါလာကြတာပါ။

ဒီအဖွဲ့အနေနဲ့ သင်္ဘောရောက်ရှိရပ်နားတဲ့မြို့တွေမှာ စာသင်ကျောင်းတွေဆီ သွားရောက်ပြီး ကျောင်းသားလူငယ်တွေနဲ့ မြို့ခံလူထုကိုတွေ့ဆုံကာ ငြိမ်းချမ်းရေးစကားဝိုင်းတွေ ပြုလုပ်ပေးပါတယ်။

ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့ရဲ့ မီဒီယာနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်မြင့်က “တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ပြည်ထောင်စုကြီးက ဘယ်တော့မှခွဲမထွက်ရေး ကတိကို လက်မှတ်ရေးထိုးဖို့ ဒီအဆင့်မှာ ဆွေးနွေးဖို့မသင့်သေးဘူးလို့ ယူဆတယ်။ တပ်မတော်ရဲ့ ရပ်တည်မှုနဲ့ အရည်အသွေးအပေါ်မှာ လက်ခံဖို့ သဘောတူညီမှု မရဘူးဖြစ်နေတယ်။ နိုင်ငံတော်သမ္မတရဲ့ လက်အောက် အစိုးရယန္တရားတရပ်အဖြစ်ရှိတဲ့ တခုတည်းသော တပ်မတော်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေက ပူးပေါင်းဆောင်ရွက်နိုင်မှာ”လို့ ပြောပါတယ်။

ဒေသခံပြည်သူလူထုတွေ ငြိမ်းချမ်းရေးလိုလားကြောင်း သိရှိနိုင်ဖို့အတွက် ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့အနေနဲ့  လူထုသဘောထား လက်မှတ်တွေ စုဆောင်းကောက်ခံတာ ၄ ကြိမ်ရှိနေပြီဖြစ်ပြီး အဆိုပါလက်မှတ်တွေကို နိုင်ငံတော်အကြီးအကဲတွေထံ ပေးပို့သွားမှာ ဖြစ်ပါတယ်။

သုံးရောင်ခြယ် ပြည်သူ့အကျိုးပြုလူမှုကွန်ရက် တွဲဖက်အတွင်းရေးမှူး ဦးသောင်းလှိုင်က “အဓိကပြည်သူတွေရဲ့ ငြိမ်းချမ်းရေးလိုလားနေတာကို တကယ်သိစေချင်လို့ ဖေါ်ဆောင်နေတာဖြစ်တယ်၊ ငြိမ်းချမ်းရေးအတွက် ကောက်ခံတဲ့လက်မှတ်တွေကို ငြိမ်းချမ်းရေးစင်တာနဲ့ ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ ပေးပို့သွားမယ်” လို့ပြောပါတယ်။

မြန်မာပြည်မှာ စစ်ပွဲတွေ အမြန်ဆုံးရပ်ပြီး စစ်ဘေးသင့်ပြည်သူတွေလွတ်မြောက်ဖို့နဲ့ အစိုးရ၊ တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး အမြန် အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ ဆန္ဒနဲ့အသံတွေကို စုဆောင်းရယူကာ လာမယ့် စတုတ္ထအကြိမ်၂၁ ရာစုပင်လုံညီလာခံမှာ တွန်းအားပေးဆောင်ရွက် နိုင်ဖို့ ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့က အဓိကရည်ရွယ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း/ ဓာတ်ပုံ-ဘဦး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013