DVB Logo
Home
မြန်မာသတင်း
ပန်ဆိုင်းတွင် လ၀က်ကျော်ပျောက်ဆုံးနေသည့် ကလေးငယ်အလောင်း ရေထဲပြန်တွေ့
DVB
·
November 29, 2018
ပန်ဆိုင်းတွင် လ၀က်ကျော်ပျောက်ဆုံးနေသည့် ကလေးငယ်အလောင်း ရေထဲပြန်တွေ့
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ် ပန်ဆိုင်းမြို့နယ်ထဲမှာ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး ပျောက်ဆုံးသွားခဲ့ပြီး ၁၇ ရက်ကြာမှာ ချောင်းစပ်မှာ အလောင်းအဖြစ် ပြန်တွေ့ခဲ့ပါတယ်။

လားရှိုးကနေ ပန်ဆိုင်းမှာ အလုပ်သွားလုပ်တဲ့ ဦးဇင်မင်းလတ် နဲ့ ဒေါ်မာရွယ်တို့ရဲ့ တဦး တည်းသော သမီးဖြစ်သူ မေရီဆိုင်းမိုင် (အသက် ၆ နှစ်) မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ခင်းက မိဘတွေ တရေးတမောအိပ်ပျော်စဉ် ပျောက်ဆုံးသွားတာပါ။

နိုဝင်ဘာ ၂၇ ရက်နေ့ကျမှ သူ့အလောင်းကို ပျောက်ဆုံးနေရာနဲ့ ၁ မိုင်လောက်အကွာ ၀မ်းတိန်ချောင်းစပ်မှာ တွေ့ရှိခဲ့တာလို့ ဖခင်ဖြစ်သူက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့က ငြိမ်းအေးမြေ၀င်းထဲမှာ သူများပစ္စည်းတွေ ထမ်းကူတဲ့အလုပ်သမားပါ။ အဲဒီနေ့က အလုပ်လုပ်တဲ့နေရာမှာ သမီးလည်း ကျောင်းပိတ်တော့ ကျနော်တို့နားမှာပဲ ကစားနေ တာ။ နေ့ခင်း ၁ နာရီခွဲကျော် အလုပ်နားတော့ ကျနော်တို့ ခဏမှိန်းရင်း အိပ်ပျော်သွားတယ်။ သမီးလည်း အဖေနဲ့ အမေကြားထဲမှာပဲ ဆော့နေတာ၊  နိုးလာတော့ သမီးကို မတွေ့တော့ဘူး၊ အဲဒါလင်မယား ၂ ယောက်လုံး ကလေးကို လိုက်ရှာတယ်နေရာအနှံ့ပဲ၊ ရဲစခန်းလည်း တိုင်တယ်၊ သမီးပျောက်တဲ့နေ့ကစ သူ့အမေလည်း တချိန်လုံးငို၊ လင်မယား ၂ ယောက်လုံး အလုပ်လည်း မလုပ်နိုင်တော့ဘူး ၊ ကလေးကိုပဲရှာနေတာ။”

ကလေးအလောင်းကို သွားကြည်တော့ အနွေးထည်ဘောင်းဘီနဲ့ ဖိနပ်ပျောက်သွားပြီး နားက ရွှေနားကပ်တော့ ပျောက်ဆုံးမှုမရှိကြောင်း၊ သူ့ဦးခေါင်းမှာ ကွဲပြတ်အရာ နဲ့ နံရိုးတ၀ိုက်မှာ ခြစ်ရာလို့ အနီရောင်အစင်းကြောင်းတွေ အများကြီးတွေ့ရကြောင်း၊ ခွဲစိတ်ရာဟုတ်မဟုတ်တော့ မသိကြောင်း၊ ကလေးအလောင်းကို ပန်ဆိုင်းဆေးရုံက စစ်ဆေးပြီးတာနဲ့ ဆေးရုံက ဆက်မထားတော့လို့ အဲဒီနေ့မှာ သင်္ဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။

ကလေးရရှိတဲ့ ဒဏ်ရာတွေနဲ့ ပတ်သက်ပြီး ဆေးရုံက ဆေးစစ်ချက်တော့ မသိရသေးကြောင်း၊ ပန်ဆိုင်းရဲစခန်းကလည်း ကလေးအား ခေါ်ဆောင်သွားသူကို အရေးယူနိုင်ဖို့ လိုက်လံစုံစမ်းရှာဖွေနေတယ်လို့ ပြောကြောင်း၊ သူတို့အနေနဲ့လည်း ကလေးအား ခေါ်ဆောင်သွားသူကို သိလိုပြီး ထိုက်ထိုက်တန်တန် ပြစ်ဒဏ်ပေး အရေးယူပေးစေလိုတယ်လို့  ဦးဇင်မင်းလတ်က ပြောသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပန်ဆိုင်းရဲစခန်း ၀၈၂ - ၆၆၀၀၂ ကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013