DVB Logo
Home
မေးမြန်းခန်း
ပြန်ကြားရေးဝန်ကြီးနှင့်ဆွေးနွေးခဲ့မှုအပေါ် ဆရာမောင်ဝံသကို မေးမြန်းချက်
DVB
·
September 3, 2012
ပြန်ကြားရေးဝန်ကြီးနှင့်ဆွေးနွေးခဲ့မှုအပေါ် ဆရာမောင်ဝံသကို မေးမြန်းချက်
Donate to DVB

စာနယ်ဇင်းသမားတွေအားလုံး ကျေကျေနပ်နပ်နဲ့ လက်ခံနိုင်မယ့် စာနယ်ဇင်း ကောင်စီတရပ် (ယာယီ)ဖွဲ့စည်းဖို့ ပြန်ကြားရေးဝန်ကြီးအသစ် ဦးအောင်ကြည်က သဘောတူလိုက်တဲ့အကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက စက်တင်ဘာ ၂ ရက်နေ့စွဲနဲ့ သတင်းကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

[caption id="attachment_30199" align="alignleft" width="300" caption="ဆရာမောင်ဝံသနှင့် ဦးအောင်ကြည်"][/caption]

ဒီကြေညာချက်ဟာ စက်တင်ဘာ ၂ ရက် မနက်ပိုင်းမှာ ပြန်ကြားရေးဝန်ကြီးနဲ့ အသင်းဥက္ကဋ္ဌ ဦးစိုးသိမ်း (မောင်ဝံသ) တို့ တွေ့ဆုံဆွေးနွေးမှုအပြီး ထုတ်ပြန်လိုက်တဲ့ ကြေညာချက်လည်း ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ သတင်းစာဆရာ၊ စာရေးဆရာ မောင်ဝံသကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဝန်ကြီး ဦးအောင်ကြည်နဲ့ သွားတွေ့ပြီးနောက်မှာ ဦးအောင်ကြည်ကနေ သတင်းမီဒီယာသမားတွေ ကျေနပ်လက်ခံနိုင်လောက်တဲ့ စာနယ်ဇင်းကောင်စီတရပ် ဖော်ထုတ်ရေးကို ဆောင်ရွက်သွားမယ်ဆိုပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဘယ်လိုဆောင်ရွက်သွားမှာလဲ။ ဘယ်လိုဖော်ထုတ်ဆောင်ရွက်သွားမယ်ပြောလဲ။

“လုပ်ထုံးလုပ်နည်းတော့ အသေးစိတ်တော့ မဟုတ်သေးဘူး။ ယေဘုယျပေါ့။ အားလုံး ကျေကျေနပ်နပ် လက်ခံနိုင်မယ့် စာနယ်ဇင်းကောင်စီ(ယာယီ)ပေါ့၊ အမြုတေ မဟုတ်တော့ဘူးပေါ့။ ”

အဲမှာ ဆရာတို့ တောင်းဆိုထားတာ ဘယ်လိုအချက်တွေ ပြန်ပြင်ပြီးတော့ ဘယ်လိုလူတွေနဲ့ ပြန်ဖွဲ့စည်းပေးမယ်လို့ ယေဘုယျ ပြောလို့ရလဲ။

“လူတွေကိစ္စတော့ အသေးစိတ်မပြောရသေးဘူး။ အချက်အလက်အားဖြင့်ကတော့ မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ဖြုတ်ပယ်ဖို့ ပြောထားတဲ့အချက်တွေ၊ နောက်တခါ ပြင်ဆင်ပြောင်းလဲပေးဖို့ ပြောထားတဲ့စာသားတွေ အကုန်လက်ခံသဘောတူပါတယ်။ အဲအတိုင်းပဲ ဖြုတ်ပယ်ပေးမယ်၊ ပြင်ဆင်ပေးမယ်လို့ ပြောပါတယ်။”

ကောင်စီပြန်ဖွဲ့ပေးမယ့် သဘောပေါ့။

“ဟုတ်ပါတယ်။”

နောက်တချက်က ဆရာတို့ထုတ်ထားတဲ့အထဲမှာ ပြည်တွင်းမီဒီယာသမားတွေ နိုင်ငံတကာစံနှုန်းမီ စာနယ်ဇင်းလွတ်လပ်ခွင့် တိုးချဲ့ရရှိရေး ဆွေးနွေးခဲ့တယ်ဆိုတာ အဲအပိုင်းနဲ့ပတ်သက်ပြီးတော့ ၀န်ကြီးက ဘယ်လိုရှင်းလင်းသွားပါလဲ။

“သူက အလုပ်သမားဝန်ကြီးဌာနမှာတုန်းကလည်း အလုပ်သမားဥပဒေတွေကို နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီအောင် ပြုစုပြီး ပါလီမန်က ပြဋ္ဌာန်းပေးနိုင်အောင် ဆောင်ရွက်ပေးခဲ့တယ်ပေါ့။ အားလုံးစိတ်ကျေနပ်အောင် ဆောင်ရွက်ပေးခဲ့တယ်။ မီဒီယာဥပဒေနဲ့ ပတ်သက်ပြီးတော့ အားလုံးကျေနပ်လက်ခံနိုင်တဲ့ မီဒီယာဥပဒေမျိုး ဖြစ်လာအောင် ဆက်ပြီးကြိုးစားသွားမယ်လို့ ပြောပါတယ်။”

လွှတ်တော်မတင်ခင် ဆရာတို့ တောင်းဆိုနေကြတာ မီဒီယာသမားတွေကို ချပြဖို့ကိစ္စကိုရော သူဘာပြောသေးလဲ။

“မီဒီယာသမားတွေရဲ့ ဆန္ဒကို သူကတောင်းခံတယ်၊ ဒါတော့ သေချာတယ်။ မီဒီယာသမားတွေရဲ့ လိုလားချက်တွေ ဒါတွေ အားလုံးစုဆောင်းပြီးတော့မှ အသင့်တော်ဆုံး မီဒီယာဥပဒေဖြစ်ဖို့ ဆက်ပြီး ဆောင်ရွက်သွားပါမယ်တဲ့။ တခုကလည်း နိုင်ငံတကာစံနှုန်းဆိုတာကလည်း မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းရဲ့ ရည်ရွယ်ချက်တွေထဲမှာ နံပါတ်တစ်အနေနဲ့ကို မီဒီယာလွတ်လပ်ခွင့်ကို နိုင်ငံတကာစံနှုန်းနဲ့ညီညွတ်တဲ့ လွတ်လပ်ခွင့် ရရှိရေး ဆောင်ရွက်မယ်လို့ပါတာကိုး၊ ပြည်ထောင်စုဝန်ကြီးပြောနေတဲ့ စကားနဲ့ဆိုရင် ကျနော်တို့နဲ့ ကိုက်တာပေါ့။”

နောက်တပိုင်းက ပြောနေကြတာက ၆၂ ပုံနှိပ်ဥပဒေက ရှိနေသေးတယ်။ အီလက်ထရောနစ်ပုဒ်မတွေလည်း ရှိနေသေးတယ်။ အဲဒီအပိုင်းတွေကရော ဆွေးနွေးဖြစ်ခဲ့လားဗျ။

“အဲဒီအပိုင်းတွေတော့ မဆွေးနွေးဖြစ်ခဲ့ဘူး။ ဒါပေမယ့် နေ့စဉ်ထုတ် သတင်းစာတွေ မြန်မြန်ပေးနိုင်ဖို့ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် အဲဒါကို ဆန္ဒ ရှိတယ်။”

ဆိုလိုတာက ပုဂ္ဂလိက သတင်းစာထုတ်ခွင့် ပေးတော့မယ်ပေါ့။

“ပုဂ္ဂလိက သတင်းစာတွေ ထုတ်ခွင့်ကို တတ်နိုင်သမျှ မြန်မြန် ထုတ်ဝေခွင့်ပေးဖို့ စိတ်ကူးရှိပါတယ်။ အချိန်ကာလအားဖြင့်တော့ မပြောဘူးပေါ့ဗျာ။ စာနယ်ဇင်းကောင်စီလို မီဒီယာသမားတွေ ကိုယ်တိုင် အပြန်အလှန် ညှိနှိုင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ  ပေါ်လာပြီဆိုရင်တော့ နေ့စဉ်ထုတ် သတင်းစာတွေ ထုတ်ခွင့်ပေးဖို့က ပိုပြီး နီးစပ်မယ်လို့ ကျနော်ထင်ပါတယ်။”

လက်ရှိထုတ်ဝေနေတဲ့ အစိုးရသတင်းစာတွေ ပြုပြင်ပြောင်းလဲဖို့ရော ပြောသွားသေးလားဗျ။

“မပြောပါဘူး။”

ဒီသတင်းစာ လောကမှာ ကျင်လည်ခဲ့တဲ့ ၀ါရင့်သတင်းစာဆရာတဦးအနေနဲ့ ဒီဝန်ကြီး အသစ်ပေါ်မှာ ၁ နာရီနီးပါလောက် တွေ့ဆုံဆွေးနွေးခဲ့တာ ဒီဝန်ကြီး အသစ်အပေါ်ကို ပုဂ္ဂိုလ်ရေးအရ ဘယ်လိုသုံးသပ်မိလဲဗျ။

“သူက တော်တော်လေး သေချာလေ့လာပြီး တတ်နိုင်သမျှ အနီးစပ်ဆုံး သဘောပေါက်အောင်လုပ်ပြီး ဆွေးနွေးတဲ့သဘောရှိတယ်။ ကျနော်တို့နဲ့ ဆွေးနွေးတဲ့ ကိစ္စတွေမှာ တော်တော်များများ လေ့လာပြီးသားပါ။ ဒါတောင် အလုပ်သမားဝန်ကြီးဌာနမှာ အတွေ့အကြုံရှိတယ်။ အခုမှ စပြီး ပြောင်းပြီး တာဝန်ထမ်းဆောင်ရတာ ရက်ပိုင်းပဲရှိတယ်။ ဒါပေမယ့် ပြောဆိုရတာ နားလည်မှု ရှိပါတယ်။ ကျနော်ယုံကြည်တာကတော့ ရိုးသားမှု၊ ပွင့်လင်းမှုပေါ့ဗျာ။ ပွင့်ပွင့်လင်းလင်း ရှိတယ်။ ထင်သာမြင်သာရှိတယ်။ ၀န်ကြီးကလည်း ပြောပါတယ်။ အလုပ်တွဲလုပ်လို့ ရမယ်လို့ ယုံကြည်ကြောင်း သူက ပြောပါတယ်။ ကျနော်တို့ကလည်း သတင်းမီဒီယာသမားတွေနဲ့ ပြည်ထောင်စုဝန်ကြီးနဲ့က လက်တွဲပြီး လုပ်သွားလို့ ရနိုင်တယ်လို့ မျှော်လင့်ပါတယ်။”

တိုက်ရိုက်ဆက်သွယ်လို့ ရတဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်သွားတာရှိလား။

“နောက်ပိုင်းလည်း တွေ့ဖို့ ရှိတယ်လေ။”

ဝန်ကြီးနဲ့ တွေ့ဆုံမှုအပေါ်မှာ အများပြည်သူသိသင့်တယ်လို့ ထင်တဲ့ဟာလေး ပြောပေးပါလား။
“မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်တာ၊ နောက်ပြီး ကျနော်တို့ ရှေ့ဆက်သွားမယ့် စာနယ်ဇင်းသမားတွေရဲ့ အခွင့်အရေး ကာကွယ်ဖို့ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် နားလည်မှုနဲ့ လုပ်နိုင်ရင် သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျနော် မျှော်လင့်ချက် ထားတယ်လို့ ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013