သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို ဒီဇင်ဘာလတွင် တရားဝင်သတ်မှတ်ကြေညာမည်
နော်နိုရင်း
·
November 27, 2018
[caption id="attachment_301827" align="alignright" width="273"]
သံလွင်ငြိမ်းချမ်းရေးဥယျာဉ်မြေပုံ[/caption]
ဖာပွန်ခရိုင်အတွင်းက ကရင်လူထုတွေနဲ့ ကရင်လူမှုအဖွဲ့အစည်းတွေ ဦးဆောင် အကောင်အထည်ဖော်နေတဲ့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို လာမယ့်ဒီဇင်ဘာလမှာ တရားဝင် စတင်တော့မှာဖြစ်ပါတယ်။
သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဟာ ဖာပွန် (မူတြော်) ခရိုင်အတွင်း မြို့နယ် (၃) မြို့နယ်၊ ကျေးရွာ အုပ်စု (၂၃) စုက ကိုယ်စားလှယ် (၃ဝဝ) ကျော်အပါအဝင် ကရင်အမျိုးသားအစည်းအရုံးရဲ့ ဖာပွန် ခရိုင် ကရင်သစ်တောဌာနနဲ့ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာလုပ်ရှားမှုကွန်ရက် (KESAN)တို့ ပူးပေါင်းပြီး ၂၀၁၆ ခုနှစ်ကတည်းက အကောင်အထည်ဖေါ်နေတဲ့ အစီအစဉ်ဖြစ်ပါ တယ်။
အဆိုပါ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဟာ အကျယ်အဝန်း စတုရန်းကီလိုမီတာ ၅၂ဝ၅ ရှိပြီး သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ မျိုးတုံးလုနီးပါးဖြစ်တဲ့ တောရိုင်း တိရိစ္ဆာန်တွေကိုကာကွယ်ဖို့နဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ မြေနေရာကို ကာကွယ်နိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုကွန်ရက် (KESEN)ရဲ့ ပြောခွင့်ရသူ နောဆာမူးက “ကျမတို့ရဲ့ခေါင်းဆောင်တွေ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်းမှာ ကရင်ပြည်နယ်အတွင်းမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေ အများကြီးဝင်လာတယ်။ ပြီးတော့ ပြင်ပကလူတွေ ၀င်ထွက်သွားလာတာလည်း လွယ်ကူတယ်။ ဒါပေမယ့် ဖာပွန်(မူတြော်) ခရိုင်ကိုတော့ ၀င်လာဖို့ နည်းနည်းခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာတွေက တောတောင်ထူထပ်တယ်။ နောက် အဲဒီမှာနေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသားတွေကလည်း သူစိမ်းတွေ ၀င်လာမှာကို မလိုလားဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့မြေနေရာတွေ၊ သဘာဝရေမြေ သဘာဝတွေကို ထိန်းသိမ်းချင်လို့ ပြင်ပကလူတွေ ၀င်ရောက်ယူမှာကို မလိုလားကြဘူး။ ဒါကြောင့် အခုကတည်းက ထိန်းသိမ်းထားနိုင်ရင် ပျက်စီးမှာမဟုတ်ဘူး။ ဒါကြောင့် ဒီလိုထိန်းသိမ်းရေးအစီအစဉ် လုပ်ဆောင်တာ” လို့ ပြောပါတယ်။
သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ရဲ့ မဏ္ဍိင် ၃ ရပ်ကတော့ ငြိမ်းချမ်းရေး၊ သဘာဝပတ်ဝန်းကျင် တည်မြဲရေးနဲ့ ဓလေ့ထုံးတမ်းယဉ်ကကျေးမှုရှင်သန်ရေးဖြစ်ပါတယ်။
ဖာပွန်(မူတြော်ခရိုင်တွင်းက) ဌာနေတိုင်းရင်းသားတွေဟာ ဒီမဏ္ဍိုင် ၃ ရပ်ကို စွဲကိုင်ပြီး ရှေ့ဆက် ထိန်းသိမ်းထားနိုင်ဖို့ ရည်ရွယ်ကာ အခုလို သံလွင်ငြိမ်းချမ်းရေးဥယာဉ်ကို တည်ဆောက်ကြတာဖြစ်ပါတယ်။
ကေအန်ယူ ဖာပွန်ခရိုင်က အပါအ၀င် ဒေသတွင်းက ဌာနေ ကရင်တိုင်းသားတွေက မိမိနေရာကို မိမိတရားဝင် အရင်အတည်ပြုကြေညာတာဖြစ်တယ်လို့လည်း နော်ဆာမူးက ပြောပါတယ်။
“သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို တရားဝင်အတည်ပြုကြေညာမယ့် အစီအစဉ်ကို သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကော်မီတီ ဖာပွန်ခရိုင်က ဦးဆောင်ပြီး မူတြော်ခရိုင်ခေါင်းဆောင်တွေ၊ ကရင်အဖွဲ့အစည်းတွေနဲ့ ကေအန်ယူ ဗဟိုခေါင်းဆောင်တချို့ ပါဝင်တက်ရောက်မှာဖြစ်ပါတယ်။ ဒီဥယျာဉ်ကို မြန်မာအစိုးရက သတ်မှတ်ပေးနေတာမဟုတ်ဘူး။ ကျမတို့ရဲ့ ဘိုးဘွားစဉ်ဆက်နေထိုင် လာခဲ့တဲ့နေရာကို ကျမတို့ကိုယ်တိုင်က အသိအမှတ်ပြုတာဖြစ်ပဲ ဖြစ်တယ်။ တခြားလူတွေ လာပြီး အသိအမှတ်ပြုပေးဖို့ မလိုဘူး။”
သံလွင်ငြိမ်းချမ်းရေးဥယျာဉ် တရားဝင်အတည်ပြုကြေညာတဲ့ပွဲကို လာမယ့်ဒီဇင်ဘာလ ၁၈ ကနေ ၂၀ ရက်နေ့အထိ ဖာပွန်(မူတြော်) ခရိုင် ဒေပူးနို ကျေးရွာမှာ ပြုလုပ်မှာဖြစ်ပါတယ်။
