စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပုံခုံရုံးက ကန့်ကွက်
DVB
·
September 2, 2012
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို စစ်ဆေးဖို့ဆိုပြီး ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပုံခုံရုံးက ကန့်ကွက်ကြောင်း စက်တင်ဘာ ၁ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ စာရေး ပေးပို့လိုက်ပါတယ်။
ပြည်သူ့လွှတ်တော်စုံစမ်းစစ်ဆေးရေး ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနဲ့ အဖွဲ့ဝင်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲပြစ်တင်ဖို့အတွက် လက်မှတ် ရေးထိုးသူများ၊ ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သူများနဲ့ ထောက်ခံသူတွေ ဖြစ်တဲ့အတွက် ဘယ်လိုနည်းနဲ့မှ တရားမျှတမှုရှိမှာ မဟုတ်လို့ ကန့်ကွက်ခြင်းဖြစ်ကြောင်း ဖွဲ့စည်းပုံခုံရုံး ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဒါတင်မက လက်ရှိ ဖြစ်ပွားနေတဲ့ ပြဿနာနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးကနေ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို စာချွန်တော် လျှောက်ထားဆဲ ဖြစ်တဲ့အတွက် ဒီအမှုကို စီရင်ဆုံးဖြတ်ပြီးသည်အထိ ပြည်သူ့လွှတ်တော် စုံစမ်းရေး အဖွဲ့ရဲ့ ဆင့်ခေါ်မှုကို ဆိုင်းငံ့ပေးဖို့လည်း တောင်းဆိုထားပါတယ်။