DVB Logo
Home
မြန်မာသတင်း
မိုးကုတ် အေးစေတီဘုန်းကြီးကျောင်းတွင်  ဦးပဉ္စင်းနှင့်ကပ္ပိယ အသတ်ခံရ
DVB
·
November 26, 2018
မိုးကုတ် အေးစေတီဘုန်းကြီးကျောင်းတွင်  ဦးပဉ္စင်းနှင့်ကပ္ပိယ အသတ်ခံရ
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ရွှေတောင်ဦးတောင်ပေါ်မှာရှိတဲ့  အေးစေတီဘုန်းကြီးကျောင်းမှာ ဦးပဉ္စင်းတပါးနဲ့ ကပ္ပိယ တယောက်တို့  နိုဝင်ဘာ ၂၅ ရက်က အသတ်ခံခဲ့ရပါတယ်။

အသတ်ခံရတာ မှန်ကန်ကြောင်းနဲ့ ဒီဖြစ်စဉ်ကို စစ်ဆေးနေဆဲပဲလို့ မိုးကုတ်မြို့မရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။

“အဲဒါအခု ပြောလို့မရသေးဘူးဗျာ။ အခုမှပဲ တာဝန်ရှိတဲ့ စခန်းမှူးတို့က သွားရောက်စစ်ဆေး နေဆဲပဲနော်။ သူတို့ကတော့ သဲလွန်စတွေ၊ သက်သေခံပစ္စည်းတွေ ရှာနေတုန်းပဲ။”

ကျောင်းထိုင်ဆရာတော် ခရီးသွားနေစဉ် အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ဆရာတော်ရဲ့ မယ်တော်ကိုလည်း ကြိုးနဲ့တုပ်နှောင်ထားခဲ့တယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့လည်း သတင်းကြားကြားချင်း တက်ကြည့်လိုက်တာပေါ့နော်။ တက်ကြည့်တဲ့ အချိန်မှာ ဦးဇင်းကတော့ ဘုန်းကြီးကျောင်းထဲမှာပဲ ဆုံးနေတယ်။ ကပ္ပိယကတော့ ဘုန်းကြီးကျောင်းရဲ့ အရှေ့မှာ ချိုင့်ထဲမှာ ပြုတ်ကျပြီးတော့ ဆုံးနေတယ်။ ကြည့်ရတာ ကပ္ပိယက ထွက်ပြးတဲ့ပုံပေါက်တယ်။  ကပ္ပိယရဲ့ ကျောကုန်းမှာ ဓားဒဏ်ရာ ၃ ချက်၊ ခေါင်းမှာ ၁ ချက်ခုတ်ထားတယ်။ ဦးဇင်းကိုတော့ တုတ်နဲ့ရိုက်ထားပုံရတယ်။ အချိန်ကတော့ ည ၁၁ လို့ပြောတယ်။ အဲဒီမှာ ကျောင်းထိုင်ဘုန်းကြီးကလည်း ခရီးထွက်တယ်။ ကျောင်းထိုင်ဘုန်းကြီးရဲ့ မယ်တော်တော့ရှိတယ်ဗျာ။ မယ်တော်ကိုတော့ မသတ်ခဲ့ဘူး။ ကြိုးနဲ့တုပ်ပြီးတော့ အခန်းထဲမှာ ထားခဲ့တယ်တဲ့။”

လက်ရှိမှာတော့ ကျောင်းထိုင်ဘုန်းကြီးရဲ့ မယ်တော်ကို သက်ဆိုင်ရာက ခေါ်သွားပြီး မယ်တော်ရဲ့ ပြောဆိုချက်အရ လူနှစ်ဦးက တဦးက အရပ်ပုပု၊ နောက်တဦးက ဒေါင်ကောင်းကောင်း ၀၀ နဲ့ လူက လာပြီး ကြိုးတုပ်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတွေကတော့ မကြာသေးခင်ကမှ အဲဒီဘုန်းကြီးကျောင်းမှာ ဘုံကထိန်ပွဲပြီး သွားတာလို့ ဘုံကထိန်က အလှူငွေတွေကို လိုချင်သူတွေက လာရောက်ယူဆောင်တာလို့ ပြောဆိုနေကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး  မိုးကုတ်မြတ်စေတနာလူမှုကူညီရေးအသင်းကို ဒီဗွီဘီက မေးမြန်း ရာမှာ ရဲတပ်ဖွဲ့က ဆက်သွယ်လာတဲ့အတွက် ဒီကနေ့မနက် အလောင်းကို သွားရောက်သ ယ်ဆောင်ပြီး ဆေးရုံပို့ဆောင်ပေးခဲ့ရတယ်လို့ အသင်းဝင်တဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013