
မြန်မာနိုင်ငံက ထုတ်ကုန်ပစ္စည်းတွေကို နိုင်ငံတကာကုန်စည်ပြပွဲတွေမှာ ပြသနိုင်ဖို့နဲ့ နိုင်ငံတကာဈေးကွက်မှာ ရောင်းချနိုင်ဖို့ ဂျာမနီနိုင်ငံအခြေစိုက် မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးကို ရန်ကုန်မှာ ဖွင့်လှစ်လိုက်ပါတယ်။
ကိုယ်စားလှယ်ရုံးဖွင့်လှစ်ဖို့ ဂျာမနီ အခြေစိုက် Messe Dusseldorf ကုမ္ပဏီနဲ့ စုရွှေနဒီတို့ ပူးပေါင်းပြီး လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက်က ရန်ကုန်မြို့၊ ချက်ထရီရန် ဟိုတယ်မှာ ကျင်းပခဲ့တာပါ။
မြန်မာထုတ်ကုန်ပစ္စည်းတွေကို ကမ္ဘာ့နိုင်ငံတွေ အများဆုံးပါဝင်ပြသတဲ့ ကုန်စည်ပြပွဲတွေမှာ သွားရောက်ပြသနိုင်မယ်ဆိုရင် နိုင်ငံဈေးကွက်ကို ထိုးဖောက်နိုင်မယ်၊ ဒါ့ပြင် နိုင်ငံတကာ ကုန်စည်ပြပွဲတွေကို မြန်မာလုပ်ငန်းရှင်တွေ သွားရောက် လေ့လာမယ်ဆိုရင်လည်း ကုန်ထုတ်လုပ်မှု အပိုင်းမှာ အရေးကြီးဆုံးဖြစ်တဲ့ နည်းပညာ၊ သတင်းအချက်အလက်နဲ့ တီထွင်ဆန်းသစ်မှုတွေကို လေ့လာသိရှိနိုင်ဖို့ လုပ်ဆောင်ပေးသွားမယ်လို့ Messe Dusseldorf ကုမ္ပဏီရဲ့ မြန်မာပြည်ကိုယ်စားလှယ် ဒေါ်သက်ဆုလှိုင်က ပြောပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ကော်ဖီ၊ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းနဲ့ သားငါးတွေကို အရှေ့ပိုင်းနိုင်ငံတွေမှာ အများဆုံးသွားရောက်ပြသနေတာရှိသလို အနောက်နိုင်ငံတွေမှာလည်း ပြသနေတာလည်း ရှိတယ်လို့ ကုန်သည်နဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ပြောပါတယ်။
ဒါကြောင့် ဥရောပနိုင်ငံတွေက မြန်မာပြည်မှာ ကိုယ်စားလှယ်ရုံးလာရောက်ဖွင့်လှစ်တာက မြန်မာ့ထုတ်ကုန်ပစ္စည်းတွေ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းငန်းရှင်များအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောပါတယ်။
ကိုယ်စားလှယ်ရုံးခွဲအနေနဲ့ စက်နဲ့ပစ္စည်းဆိုင်ရာ ထုတ်ကုန်ပစ္စည်း၊ အခြေခံ အဆောက်အအုံတွေ ဆောက်လုပ်တဲ့နေရာတွေမှာ လိုအပ်တဲ့ပစ္စည်း၊ ဆေးပစ္စည်းနဲ့ ဆေးဝါးပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်း၊ လူနေမှုဆိုင်ရာနဲ့ သက်ဆိုင်တဲ့ အလှအပစ္စည်း၊ ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ စီးပွားရေးကဏ္ဍတွေကို ကူညီ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်လိုက်တဲ့ ဂျာမနီနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံးကို ရန်ကုန်မြို့ ရွှေပိတောက်အိမ်ရာမှာ ဖွင့်လှစ်ထားတာပါ။











