အောင်ဘာလေသိန်းဆုခွန် လျာထားချက် မပြည့်မီဟု စီမံဘဏ္ဍာဒုဝန်ကြီးပြော

ရောင်းချဖို့ သတ်မှတ်ထားတဲ့ ထီအက္ခရာလုံးရေထက်လျော့နည်းခဲ့လို့ အောင်ဘာလေ သိန်းဆု အခွန်ရရှိမှု လျာထားချက် မပြည့်မီခဲ့ဘူးလို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း လျာထားချက်မပြည့်မီတဲ့ အခွန်အကောက် ၁၁ မျိုးမှာ အောင်ဘာလေ သိန်းဆု အခွန်လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၆ ရက် ပြည်ထောင်စုလွှတ်တော်မှာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဒုတိယ ၆လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေနဲ့စပ်လျဉ်းပြီး ရှင်းလင်းပြောခဲ့တာ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံ အောင်ဘာလေသိန်းဆုခွန်အတွက် လျထားချက်မှာ ၇၀ ဒသမ ၅၂၄ ဘီလီယံဖြစ်ပြီးတော့ ကောက်ခံရရှိငွေ ၄၉ ဒသမ ၅၄၆ ဘီလီယံဖြစ်ပါတယ်။ အကောင်အထည်ဖော်နိုင်မှု ရာခိုင်နှုန်း ၇၀ ဒသမ ၂၅ ဖြစ်ပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ရောင်းချရန် ခန့်မှန်းသတ်မှတ်သော ထီအက္ခရာ လုံးရေအပေါ် ကောက်ခံရရှိမည့် အခွန်ငွေကို လျာထားသတ်မှတ်ခဲ့သော်လည်း ဒုတိယ ခြောက်လပတ်အတွင်း အမှန်တကယ်ရောင်းချခဲ့သည့် အက္ခရာလုံးရေမှာ မူလရောင်းချရန် သတ်မှတ်လျာထားခဲ့တဲ့ အက္ခရာလုံးရေထက် လျော့နည်းခဲ့တဲ့အတွက် ဖြစ်ပါတယ်” လို့ ပြည်ထောင်စုလွှတ်တော်မှာ ဒုဝန်ကြီးက ပြောခဲ့တယ်။
အခွန်အကောက် ၂၁ မျိုးကောက်ခံနေရာမှာ ၁၀ မျိုးပဲ လျာထားချက်ပြည့်မီပြီး ၁၁ မျိုးက လျာထားချက်အောက် ကောက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။
လျာထားချက်မပြည့်မီတဲ့ ကုန်သွယ်လုပ်ငန်းအခွန်မှာ နိုင်ငံပိုင်ကဏ္ဍ၊ သမ၀ါယမပိုင်ကဏ္ဍနဲ့ ပုဂ္ဂလိကပိုင်ကဏ္ဍတို့ ပါဝင်ပြီး ကျပ်ဘီလီယံပေါင်း ၁၅၀၀ ကျော် သတ်မှတ်လျာထားခဲ့ရာမှာ ကျပ်ဘီလီယံပေါင်း ၁၁၀၀ ကျော်ပဲ ကောက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။
အရင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင် အထူးသဖြင့် ဆောက်လုပ်ရေးကဏ္ဍမှာ အခွန်ကောက်ခံရရှိမှု လျော့နည်းခဲ့တယ်လို့ စီမံဘဏ္ဍာဒုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်မှာ ပြောခဲ့ပါတယ်။











