DVB Logo
Home
သတင်းဓာတ်ပုံ
ရခိုင်အရေးနှင့်ပတ်သက်ပြီး သမ္မတကြီး၏ ရပ်တည်ချက် ထောက်ခံဆန္ဒပြ
DVB
·
September 2, 2012
ရခိုင်အရေးနှင့်ပတ်သက်ပြီး သမ္မတကြီး၏ ရပ်တည်ချက် ထောက်ခံဆန္ဒပြ
Donate to DVB

အထက်မြန်မာပြည် မန္တလေးမြို့မှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတဦးသိန်းစိန်ရဲ့ ရပ်တည်ချက်ကို ထောက်ခံတဲ့အနေနဲ့ ဆရာတော်ဝီရသူ ဦးဆောင်တဲ့ သံဃာတော်တွေနဲ့ ဒေသခံအပါအ၀င် လူ ၁ သောင်းလောက် ၂ နေရာခွဲပြီး ဆန္ဒပြခဲ့ကြပါတယ်။

စက်တင်ဘာ ၂ ရက်နေ့ မနက် ၁၀ နာရီလောက် မန္တလေး ၈၄ လမ်းနဲ့ ၃၅ လမ်းထောင့်မှာ လူစုပြီး လက်ရှိရခိုင်အရေးမှာ သမ္မတဦးသိန်းစိန် သဘောထားကို ထောက်ခံကြောင်း ပြသခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံ လူအခွင့်အရေး ကိုယ်စားလှယ် သောမတ်ကွင်းတားနားကို ဆန့်ကျင့်တဲ့ ကြွေးကြော်သံတွေ ပိုစတာတွေကို ကိုင်ဆွဲပြီး ဆန္ဒပြထုတ်ဖော်ခဲ့ကြပါတယ်။

ဒီပွဲမှာ သံဃာတော်တွေ မလိုက်ပါဖို့ နိုင်ငံတော်သံဃာ့မဟာနာယကက အမိန့်စာ ထုတ်ပြန်ခဲ့ပေမယ့် သံဃာတော်တွေ လမ်းလျှောက်ပါဝင်ခဲ့ကြတယ်လို့ ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့တဲ့ မစိုးရိမ်တိုက်သစ်က နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် အရှင်ဝီရသူက မိန့်ပါတယ်။

“တကယ်တမ်းက သူတို့က သံဃာတွေ ၀င်ပြီးဆန္ဒပြမယ် ထင်ပြီးတော့ ကြောက်နေကြတာဗျ။ တချို့ အဖွဲ့အစည်းတွေကလည်း ကျောင်းတိုက်တွေမှာ လိုက်ပြီးတော့ သံဃာတွေ မကြွဖို့ လိုက်လျှောက်တယ်လို့ ကြားပါတယ်။ ဘာပဲဖြစ်ဖြစ် ဦးဇင်းတို့က သံဃာတွေဆိုတာ ဆန္ဒပြတဲ့ အဖွဲ့ထဲမှာ မပါဝင်ပါဘူး။ ဆန္ဒပြတဲ့လူတွေရဲ့ လုံခြုံရေးအတွက် ၀န်းရံပြီး စောင့်ရှောက်ကာကွယ်ဖို့အတွက် ပါဝင်တယ်လို့ အဲလိုအတိအလင်း ပြောတာပါ။”

မူလက ဆန္ဒပြခွင့်အချိန်ကို ၅ နာရီနဲ့ လူအင်အား ၅၀၀ ကို တောင်းဆိုထားခဲ့ပေမယ် အချိန် ၁ နာရီနဲ့ လူအင်အား ၁၀၀ ကိုသာ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် နေလယ်ပိုင်း  အောင်မြေသာဇံမြို့နယ်မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာတော့ လူ ၁ သောင်းကျော် ပါဝင်ခဲ့တယ်လို့ မိန့်ပါတယ်။

“ကျေနပ်မှုလည်း မရှိဘူး၊ အားရမှုလည်း မရှိဘူးဗျာ။ တကယ်တမ်း ကျတော့ သမ္မတထောက်ခံပွဲမို့သာ သူတို့က ခွင့်ပြုရတာ။ အကြောက်တရားနဲ့ ခွင့်ပြုရတာ ဖြစ်တဲ့အတွက်ကြောင့် ဦးဇင်းတို့မှာ အခက်အခဲတွေ အများကြီးတွေ့တယ်။ ဦးဇင်းတို့တင်တဲ့ စုရပ်တွေလည်း မရဘူး။ ဦးဇင်းတို့ လျှောက်မယ့် လမ်းကြောင်းကိုလည်း မရဘူး။ တချို့မြို့နယ်တွေဆိုရင် အတော်ဆိုးတယ်။ ကန်တော်ကြီးကန်ပတ်လမ်းကို ချပေးတယ်။ အဲဒီကန်တော်ကြီး ကန်ပတ်လမ်းမှာလူမရှိဘူး။ ရေသတ္တ၀ါတွေကိုပဲ သမ္မတကြီး ထောက်ခံပါတယ်၊ အိုရေသတ္တ၀ါအပေါင်းတို့ ကျနော်တို့ သမ္မတကြီးကို ထောက်ခံပါတယ်ဆိုပြီး ဆန္ဒပြရမယ့် သဘောမျိုး။ နောက်အခု ချပေးတာ ဘူတာကြီးရဲ့ ဒီဘက်နံရံကြီး။ နံရံကြီးမှာ လူမရှိသူမရှိတဲ့နေရာကြီးမှာ ချပေးတယ်။ နောက် ၂၆ လမ်းထိချပေးထားတာကို မနေ့ကမှ ခေါ်ပြီး ပြန်ပိတ်တယ်။ ၂၇ လမ်းထိပဲ ရမယ်ဆိုတာကို။ ကျုံးဘက်ကိုလည်း မရောက်တော့ဘူး။ ဒါက လမ်းကြောင်းနဲ့ ပတ်သက်ပြီး အားရကျေနပ်မှု မရှိတာပါ။”

ပထမဦးဆုံး အစိုးရရဲ့ခွင့်ပြုချက်နဲ့ ဆန္ဒပြခွင့်ရတာဖြစ်ပြီး နယ်မြေခံရဲတပ်ဖွဲ့တွေ လုံခြုံရေး ရဲတပ်ဖွဲ့တွေ ရာနဲ့ချီ လိုက်ပါတာတွေရှိခဲ့ပေမယ့် အနှောင့်အယှက် တစုံတရာမရှိဘူးလို့လည်း ဆရာတော် အရှင်ဝီရသူက မိန့်ကြားပါတယ်။
အခု ဆန္ဒပြပွဲဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ပြီးကတည်းက ရဟန်းသံဃာတော်တွေ အများဆုံးပါဝင်တဲ့ ဆန္ဒပြပွဲတခု ဖြစ်ပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/DN president campaign mandalay/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013