DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများအပေါ် နည်းပေါင်းစုံဖြင့် အကြမ်းဖက်မှု ကာကွယ်ပေးရန် အစိုးရကိုတောင်းဆို
DVB
·
November 26, 2018
အမျိုးသမီးများအပေါ် နည်းပေါင်းစုံဖြင့် အကြမ်းဖက်မှု ကာကွယ်ပေးရန် အစိုးရကိုတောင်းဆို
Donate to DVB

အမျိုးသမီးတွေအပေါ် နည်းပေါင်းစုံနဲ့အကြမ်းဖက်မှုတွေကနေ ကာကွယ်ပေးဖို့နဲ့ လိုအပ်တဲ့ တားဆီးကာကွယ်ရေးအစီအစဉ်တွေ ဆောင်ရွက်ပေးဖို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က အစိုးရကို တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ၂၅ ရက်မှာ ကျ​ရောက်တဲ့​ ဖဲကြိုး​ဖြူနေ့ (​ခေါ်) နိုင်ငံတကာ အမျိုးသမီး​များ​ အ​ပေါ်အကြမ်း​ဖက်မှု ပ​ပျောက်​ရေး​နေ့ အထိမ်းအမှတ် ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပြီး ‘အမျိုးသမီးများအပေါ် ကြမ်းဖက်မှုပပျောက်ရေး ဥပဒေဖြင့် ကာကွယ်ပေး’ဆိုတဲ့ ဆောင်ပုဒ်နဲ့ ၁၆ ရက်တာ လှုပ်ရှားမှု ကမ္ဘာတ၀န်းမှာ လုပ်ဆောင်နေပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ်နည်းပေါင်းစုံနဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွား နေပြီး မုဒိမ်းမှုနဲ့ တခြားလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဟာလည်း မြန်မာပြည်နေရာအနှံ့မှာ  ကြုံတွေ့ရင်ဆိုင်ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၁၆ ခုနှစ်မှာ ရဲကို တိုင်ကြားထားတဲ့ အမှု ၁၁၀၀မှုရှိပြီး ၂၀၁၇ ခုနှစ်မှာတော့ ၁၄၀၅မှုအထိ တိုးလာခဲ့တယ်ပါတယ်။ ဒါပေမယ့် မုဒိမ်းမှုတွေအတွက် တရားဥပဒေလမ်းကြောင်းအရ တရားမှုတမှု ရှိဖို့ ကြိုးပမ်းရာမှာ စိန်ခေါ်မှုတွေရှိနေပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေမှာ အကာအကွယ်ပေးဖို့ အားနည်းနေတယ်လို့လည်း ထောက်ပြဝေဖန်ထားပါတယ်။

အထူးသဖြင့် စစ်ပွဲပဋိပက္ခဒေသတွေမှာ အာဏာပိုင်တွေ၊ သြဇာအာဏာရှိသူတွေရဲ့ လိင်ပိုင်း ဆိုင်ရ  ကျူးလွန်မှုတွေမှာ ကျူးလွန်သူကို ထိရောက်စွာ အပြစ်ပေးအရေးယူတာမရှိတဲ့အတွက် အမျိုးသမီးတွေအတွက် တရားမျှတမှုရရှိဖို့ အလှမ်းဝေးနေဆဲပဲလို့ ဆိုပါတယ်။

“၂၀၁၅ ခုနှစ် အစောပိုင်းတွင် မုဒိမ်းပြုကျင့်ကာ ရက်စက်စွာ အသတ်ခံခဲ့ရသော ကချင်ဆရာမနှစ်ဦး၏ အမှုမှာ ယနေ့အချိန်ထိ အမှုမှန် ဖော်ထုတ်နိုင်ခြင်းမရှိသလို ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း အမျိုးသမီးများရာပေါင်းများစွာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများကို သက်သေ အထောက်အထားများနှင့်ထုတ်ပြန်ခဲ့သော်လည်း ယနေ့ချိန်ထိ အငြင်းပွားနေတဲ့ အနေအထား ရှိနေသည်။” လို့  အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့အတွက် ရည်ရွယ်ပြီး နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ ၁၆ ရက်တာ လှုပ်ရှားမှုကို  နိုင်ငံတ၀န်းမြို့တွေ နယ်တွေ အသီးသီးမှာ ပြုလုပ်နေကြပါတယ်။

၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က ကျင်းပခဲ့တဲ့ ၅၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ၈၃ ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အမှတ် ၅၃/၁၃၄ အရ နိုဝင်ဘာ ၂၅ ရက်နေ့ကို “နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အဖြစ်” သတ်မှတ် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013