DVB Logo
Home
မြန်မာသတင်း
ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများ စတင်
DVB
·
August 31, 2012
Donate to DVB

ဒေသန္တရ အုပ်ချုပ်ရေးမှာ အရေးပါတဲ့ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်တွေ ရွေးချယ်တင်မြှောက်နေရာမှာ နိုင်ငံရေးပါတီတွေရဲ့ ၀င်ရောက်စွက်ဖက်မှုတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ရပ်ကွက်နဲ့ ကျေးရွာ ၃ သောင်းကျော် ရှိပြီး ရပ်ကျေး အုပ်ချုပ်ရေးမှူး အသစ်တွေ ခန့်အပ်ဖို့အတွက် နိုင်ငံအနှံ့မှာ စတင် ဆောင်ရွက်နေပါတယ်။

စစ်ကိုင်းမြို့နယ်အတွင်းက ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေမှာ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီဝင်တွေတချို့ စွက်ဖက်နေကြတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့ ဒေသခံတဦးက ပြောပါတယ်။

“ဆယ်အိမ်တစု တစုကို ၁ ယောက်ပြန်ရွေးတာ။ ဆယ်အိမ်စု စုတဲ့အခါမှာလည်း နီးစပ်ရာစုတာမဟုတ်ဘဲနဲ့ သူတို့အစီအစဉ်နဲ့ သူတို့စုပြီး ဆယ်အိမ်က တယောက် တယောက် တက်လာ၊ ဆယ်အိမ်စုမှာ ဆယ်အိမ်ခေါင်းတွေရွေးတာ သူတို့လူတွေချည်း တက်လာမယ်ဆိုရင် အုပ်ချုပ်ရေးမှူးတွေကလည်း ကြံ့ခိုင်ရေးကလူချည်းဖြစ်မယ်။ ကြံ့ခိုင်ရေးက နည်းနည်းဝင်စွက်နေတာ ရှိတယ်။ နောက် တချို့လူတွေရွေးထားတာက တကယ့် ဗရုတ်သုတ်ခလူတွေ ရွေးထားတော့ ဒါကိုလည်း မကျေနပ်ကြဘူး။”

အိမ်ထောင်စု ၁၀ စုကနေ ဆယ်အိမ်စုမှူးတယောက်ကို ရွေးချယ်မှာ ဖြစ်ပြီး ဆယ်အိမ်စုမှူးတွေကတဆင့် ဆန္ဒမဲစနစ်နဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ကို ရွေးချယ်ရာမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကမှ အဲဒီရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ခန့်အပ်ရမှာလည်း ဖြစ်ပါတယ်။

လက်တွေ့မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို မြို့နယ်နဲ့ ခရိုင်အဆင့်က အုပ်ချုပ်ရေးမှူးတွေက အကာအကွယ် ပေးထားတာတွေ တွေ့ရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ရှင်းပြပါတယ်။

“အရင်ကာလမှာက ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ရဖို့အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို ပံ့ပိုးရတယ်။ မြို့နယ်ကလည်း ခရိုင် အုပ်ချုပ်ရေးမှူးကို ပံ့ပိုးတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးကလည်း တိုင်းအုပ်ချုပ်ရေးမှူးတွေကို ပံ့ပိုးတယ်။ တချို့နေရာတွေမှာ ဆင့်ကဲ ဆင့်ကဲ အကာအကွယ်ပေးသွားကြတယ်။ ဥပမာ သင်္ဃန်းကျွန်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အချို့ဟာ အထောက်အထားတွေ ခိုင်မာရဲ့သားနဲ့ ဥပဒေအရ အရေးမယူဘဲနဲ့ တာဝန်က ရပ်စဲတာလောက်ပဲ ရှိတယ်။ လမ်းပြင်ဖို့ ငွေ ၃ သိန်းကို အလွဲသုံးစား လုပ်ထားတာကို အထောက်အထားရှိလျက်နဲ့ ရာဇ၀တ်ကြောင်းအရ အရေးယူတာ မတွေ့ရဘူး။ အဲဒါက ဆင့်ကဲဆင့်ကဲ အကာအကွယ်ပေးတာလို့ ယူဆစရာရှိတယ်။”

ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သက်တမ်းကတော့ လွှတ်တော် ကိုယ်စားလှယ်တွေလို ၅ နှစ်သက်တမ်း ဖြစ်ပါတယ်။ လစဉ် ၁ လ ၇ သောင်း ရိက္ခာထောက်ပံ့ကြေးနဲ့ ရုံးစရိတ် ၅ သောင်း လစဉ်ရရှိမှာလည်း ဖြစ်ပြီး ဒေသခံ ပြည်သူတွေဆီက ငွေကြေးမကောက်ခံရဘူးလို့ စစ်ကိုင်းတိုင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ၀န်ထမ်းတဦးက ပြောပါတယ်။

ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ၅ နှစ် သက်တမ်းပြည့် တာဝန်ထမ်းဆောင်ပြီးတဲ့အခါ နိုင်ငံရေးပင်စင်လည်း ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရသစ်လက်ထက်မှာ အုပ်ချုပ်ရေးမှူးစနစ်နဲ့ ကိုင်တွယ်ဆောင်ရွက်ရာမှာ ဒေသခံတွေ မနှစ်သက်သူတွေကို မခန့်အပ်ဖို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေကို လွှတ်တော်က အတည်ပြုပြီး အကောင်အထည် ဖော်လာ တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013