DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်အတွင်း နှစ်စဉ်ရေနစ်မြုပ်သည့် လယ်မြေအချို့တွင် ကြံနှင့်အုန်းမွှေး စိုက်ပျိုးမည်
DVB
·
November 26, 2018
မွန်ပြည်နယ်အတွင်း နှစ်စဉ်ရေနစ်မြုပ်သည့် လယ်မြေအချို့တွင် ကြံနှင့်အုန်းမွှေး စိုက်ပျိုးမည်
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းက အတ္ထရံမြစ်ရေကြောင့် နှစ်စဉ်  ရေကြီးနစ်မြုပ်လေ့ရှိတဲ့ လယ်ယာမြေ ဧက ၄ သောင်းကျော်ထဲက ဧက ၅၀၀ ၀န်းကျင်မှာ ကြံ နဲ့ အုန်းမွှေး အစားထိုးစိုက်ပျိုးဖို့ စီစဉ်နေတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

ရေကြီးနစ်မြုပ်လေ့ရှိတဲ့ လယ်ယာမြေတွေကို ပြန်လည်ပြုပြင်ပြီး စပါးဆက်လက်စိုက်ပျိုးနိုင်အောင် ဆောင်ရွက်နေပြီး ရေနစ်မြုပ်မှုအခြေအနေ ဆိုးရွားတဲ့ လယ်ကွင်းတွေကို အစားထိုး သီးနှံစိုက်ပျိုးတာလို့ မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောပါတယ်။

“စိုက်ပျိုးလို့ ရနိုင်တဲ့ မြေလွတ်မြေလပ်တွေပေါ့။ လွန်ခဲ့နှစ်ပေါင်း ၂၀၊ ၃၀ က ဘာမှ မစိုက်ခဲ့ဘဲနဲ့ ဒီတိုင်းထားထားတဲ့မြေတွေပေါ့။ အရင်က စပါးစိုက်တယ်။ ရေက လွှမ်းတဲ့အခါကျတော့ ဘာမှမစိုက်တော့ဘဲ ပစ်ထားတာကြာပြီ။ လောလောဆယ်တော့ ကြံကိုစိုက်ဖို့ ဇုန်အလိုက် အကောင်အထည်ဖော်နေတယ်။ ဇုန်အမှတ် ၁ ပေါ့။ ဧက ၅၀၀ လောက်စစိုက်ဖို့ လုပ်နေတယ်။”

လက်ရှိမှာ မျိုးစမ်းတဲ့အနေနဲ့ မျိုးကြံတွေကို စိုက်ပျိုးထားတာဖြစ်ပြီး ကြံထုတ်လုပ်နိုင်တဲ့ အခြေအနေရရှိပါက သကြားစက်တည်ဆောက်ဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီစီမံကိန်းကို မွန်ပြည်နယ်ဝန်ကြီးချုပ် စတင်တာဝန်ထမ်းဆောင်စဉ်ကတည်းက အကောင်အထည်ဖော်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး တွေ့ဆုံညှိနှိုင်းမှုတွေအပြီး အခုမှ အကောင်အထည်ဖော်နိုင်တာလို့ ၀န်ကြီးက ပြောပါတယ်။

“ကျိုက်မရောမြို့နယ်က ရေမြုပ်လို့ စွန့်ခွာခဲ့တဲ့ မြေလွတ်မြေလပ်တွေနေရာမှာ ကြံ နဲ့ ယိုးဒယားအုန်းချိုမွှေးရယ်။ ဒီနှစ်ခုနဲ့ ပတ်သက်ပြီး စိုက်ခင်းတွေ တည်ထောင်ဖို့အတွက် ကော်မတီတရပ်ဖွဲ့စည်းထားတယ်။ လက်ရှိမှာ မိုးကုန်တဲ့ စက်တင်ဘာ၊ အောက်တိုဘာလနဲ့ ဒီဇင်ဘာလလောက်အထိကို စိုက်ပျိုးတဲ့ကဏ္ဍကို စလုပ်တယ်။ မြေတွေကိုလည်းပြင်၊ ကြံမျိုးတွေကိုလည်း မှာတယ်။ ရေအပြည့်အ၀ပေးနိုင်ဖို့ ရေလုပ်မြောင်းတွေကိုလည်း ဆည်မြောင်းက လုပ်ပေးနေတာတွေလည်းရှိတယ်။”

လက်ရှိမှာ ကျိုက်မရောမြို့နယ်၊ သပြေမကျေးရွာ နဲ့ ကြက်ခတ်ကုန်းကျေးရွာ အုပ်စုတို့မှာ ကြံကိုစတင်စိုက်ပျိုးနေပြီး အောင်မြင်လာပါက ကလိုင်းကနိုင်၊ ကော့ဗွိ့၊ ဖာသိမ်နဲ့ ကျုံကွယ်ကျေးရွာ အုပ်စုတွေမှာလည်း ဆက်လက်တိုးချဲ့စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။

ကြံကို အများဆုံးစိုက်ပျိုးလေ့ရှိတဲ့ သထုံခရိုင်မှာ ဘီးလင်းမြို့နယ်က သကြားစက်တခုသာရှိပြီး အခုစီမံမှုအောင်မြင်လာပါက မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်မှာလည်း သကြားစက်တခု ထပ်မံပေါ်ထွက်လာမှာဖြစ်ပါတယ်။

လက်ရှိကြံပေါက်ဈေးမှာ ပြည်တွင်းကြံတစ်တန်လျှင် အနိမ့်ဆုံးဈေး ကျပ် ၄၂၀၀၀ နဲ့ အမြင့်ဆုံးဈေးမှာ ကျပ် ၅၂၀၀၀ အထိ ရှိပြီး သကြားတစ်ပိဿာလျှင် ကျပ် ၁၁၀၀ ကျော်ရှိတယ်လို့ ကြံစိုက်တောင်သူများထံမှ သိရပါတယ်။

အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013