
ငြိမ်းချမ်းရေးရဲ့အသီးအပွင့်တွေကို အနာဂတ်မျိုးဆက်သစ်ကလေးငယ်တွေ ခံစားစေနိုင်ဖို့ ရည်ရွယ်ပြီး ငြိမ်းချမ်းပါစေ ဒေါနမြေ One Love Band အဖွဲ့က ဘားအံမြို့၊ အောင်သံလွင် အားကစားကွင်းမှာ နိုဝင်ဘာ ၂၄ ရက် ညနေက ငြိမ်းချမ်းရေးတေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။
လူမျိုးရေး၊ ဘာသာရေး၊ စစ်ပွဲဖြစ်ပွားလျက်ရှိတဲ့ ဒေသတွေက မျိုးဆက်သစ်ကလေးငယ်တွေရဲ့ အနာဂတ်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အသီးအပွင့်တွေ ခံစားဖို့နိုင်ဖို့ ခုကတည်းက ငြိမ်းချမ်းရေး မျိုးစေ့ချပေးတဲ့ ရည်ရွယ်ချက်တွေနဲ့ ငြိမ်းချမ်းပါစေ ဒေါနမြေ One Love Band အဖွဲ့ဟာ ကရင်ပြည်နယ်အတွင်းမှာ လိုက်လံဖျော်ဖြေနေတာပါ။
ငြိမ်းချမ်းရေးတေးသံရှင်၊ စောဖိုးခွားက "ကျနော်တို့ နှလုံးသားထဲ ချစ်ချင်းမေတ္တာနဲ့ ငြိမ်းချမ်းတဲ့ အနာဂတ်တစ်ခု မျှော်လင့်တယ်။ တနေ့တချိန်ကျရင် ဒီကလေးတွေနဲ့ ငြိမ်းချမ်းတဲ့နိုင်ငံကြီး ငြိမ်းချမ်းတဲ့ ရပ်ဝန်းကြီးဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချပြီးတော့ လုပ်နေတာဖြစ်ပါတယ်"လို့ ပြောပါတယ်။
ငြိမ်းချမ်းပါစေ ဒေါနမြေ One Love Band အဖွဲ့၊ ပွဲစီစဉ်သူ ဒေါ်နော်ဇင်းဘာက "ငယ်ငယ်တုန်းကလည်း ကျမတို့နေရာဒေသတွေမှာ စစ်ပြေးရတာတွေ ကြုံတွေ့ခဲ့ရတယ်။ ဒီအရာတွေကို ကျမတို့ အခုချိန်မှာရှိနေတဲ့ သားငယ်သမီးငယ်တွေကို မကြုံတွေ့စေချင်တော့ဘူး"လို့ ပြောပါတယ်။
ဘားအံမြို့၊ မိတ်သဟာအသင်းတော်၊ ဆရာဦးစောအေးသန်းက "လူငယ် လူရွယ်တွေ အတွက်တော့ အမှတ်တရလေးတော့ ရမယ်လို့ထင်တယ်။ နောင်ဆိုလည်း ဒီအစီအစဉ်မျိုး ဖြစ်စေချင်တာပေါ့။ လုပ်လည်း လုပ်စေချင်တယ်"လို့ ပြောပါတယ်။
အဆိုပါအဖွဲ့ဟာ စစ်ဖြစ်ပွားရာဒေသတွေမှာ ၂၀၁၆ ခုနှစ်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပထမအကြိမ်အဖြစ် စတင်ပြီးဖျော်ဖြေခဲ့ပြီး ဒုတိယအကြိမ်အနေနဲ့ ကရင်ပြည်နယ်၊ တတိယ အကြိမ်ကို ကချင်ပြည်နယ်၊ စတုတ္ထအကြိမ်ကို ရခိုင်ပြည်နယ်တွေမှာ လိုက်လံသီဆိုဖျော်ဖြေ ပေးသွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့မှစတင်ပြီး ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ မြ၀တီမြို့နယ် ထီးဝါပလော ကျေးရွာ၊ ကော့ကရိတ်မြို့နယ် သုံးဆယ့်သုံးဆူကျေးရွာ၊ ကျုံဒို့မြို့ ကော့လားဝယ်ကျေးရွာ၊ လှိုင်းဘွဲမြို့နယ် မက်စမိတ်ကျေးရွာ၊ ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၊ ဘားအံမြို့နယ် ကျောက်တစ်လုံးကျေးရွာတွေမှာ ဖျော်ဖြေခဲ့ပါတယ်။
ကျန်ရှိနေသေးတဲ့ တောင်ငူမြို့နယ် ထိုလေ၀ါးကျေးရွာနဲ့ ကျောက်ကြီးမြို့နယ် လယ်ဝါးကျေးရွာတွေမှာ နိုဝင်ဘာ ၂၈ ရက်နေ့အထိ ဆက်လက်ဖျော်ဖြေပေးသွားမှာပါ။
ရဲမင်းခေါင်











