
ခမီလူမျိုးတွေရဲ့ ရိုးရာကောက်သစ်စားပွဲကို ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ မောင်နှမ ကျေးရွာမှာ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် ၉ နာရီမှာ ခမီရိုးရာအကတွေနဲ့ ကျင်းပခဲ့ပါတယ်။
တောင်ယာတွေက ပထမဆုံးထွက်လာတဲ့ ကောက်ပဲသီးနှံတွေကို ချက်ပြုတ် စားသောက်ရတဲ့ ဓလေ့အရ ကျင်းပြုလုပ်တာလို့ ခမီလူမျိုးများစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးလေကျော်အောင်က ပြောပါတယ်။
“ခမီ တိုင်းရင်းသားတွေရဲ့ ရိုးရာကောက်သစ်စားပွဲ ပြုလုပ်ရတာက ကျနော်တို့ ခမီလူမျိုးတွေမှာ တောင်ယာတွေ စိုက်ပျိုးကြတယ်။ တောင်ယာလုပ်တဲ့နေ့ ကောက်ဦးချပွဲ၊ ယာဟင်းကိုင်ပွဲ၊ ကောက်သစ်စားပွဲ စတဲ့ လယ်သမားတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာအရ ကျင်းပတာ ဖြစ်ပါတယ်။"
ခမီတိုင်းရင်းသားတွေ နတ်တော်လပြည်နေ့မှာ "ဆနီ" ပွဲ၏ အကြိုအဖြစ် နှစ်သစ်ကူးနေ့ကို နိုဝင်ဘာ ၁၉ ရက်မှာ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ကြပြီး နတ်တော်လဆန်း ၁ ရက်နေ့ကို တောင်ယာရိတ်သိမ်းပွဲနေ့အဖြစ် သတ်မှတ်ထားကြပါတယ်။
ခမီတိုင်းရင်းသားတွေရဲ့ ရိုးရာ ကောက်သစ်စားပွဲကို ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက ခမီလူမျိုး ၂၀၀ ကျော်လောက် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
သတင်း - ဗညား၊ ဓာတ်ပုံ - အင်္ဂါအောင်











