DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံသားများ ပိုးသတ်ဆေး အလွန်အကျွံသုံးသဖြင့် စိုက်ပျိုးမြေပျက်မည်ကို ဒေသခံများ စိုးရိမ်
DVB
·
November 25, 2018
တရုတ်နိုင်ငံသားများ ပိုးသတ်ဆေး အလွန်အကျွံသုံးသဖြင့် စိုက်ပျိုးမြေပျက်မည်ကို ဒေသခံများ စိုးရိမ်
1 / 2
Donate to DVB

[caption id="attachment_301456" align="alignright" width="430"] ဝမ်းတွင်းက ငရုပ်ဖရုံစိုက်ခင်းကို ဖျန်းမယ့် ပိုးသတ်ဆေးဖျော်နေစဉ်[/caption]

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာအနီးမှာ တရုတ်နိုင်ငံသားတွေ လာရောက်စိုက်ပျိုးတဲ့ ငရုပ်၊ ဖရုံစိုက်ခင်းတွေမှာ ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲနေတာကြောင့် စိုက်ပျိုးမြေ ပျက်စီးကျန်ခဲ့မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ရွှေတောင်ရွာနေ မခင်စန်းကြည်က "ကျမတို့ရွှေတောင်ရွာနားမှာ တရုတ်တွေ ငရုပ်လာစိုက်နေပါတယ်။ အဲငရုပ်တွေကိုလည်း တရုတ်နိုင်ငံ ပြန်ရောင်းမှာပါ။ ဒေသခံတွေအတွက် အကျိုးမရှိပါဘူး သူတို့တွေကတော့ ကောင်ကျိုး အများကြီး ရှိပါတယ်။ သူတို့စိုက်ပြီးပြန်သွားရင် မြေပျက်ပါတယ်။ တနှစ်လောက် အဲနေရာမှာ စိုက်ပျိုးလို့ မရတော့ပါဖူး။ အဲလိုပဲ ဒေသခံတွေဆီက နိုင်ငံတော်အနေနဲ့ သိမ်းထားတဲ့ ရွှေတောင်စိုက်ခြံကြီးထဲက မြေတွေကို တရုတ်တွေပဲ လုပ်ကိုင်နေပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံတောင်သူတွေပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၁ ထောင်ဝန်းကျင်ကို နိုင်ငံတော်ကနေ ၁၉၈၄ ခုနှစ်မှာ ရွှေတောင်စိုက်ပျိုးရေးခြံအနေနဲ့ သိမ်းယူခဲ့ပြီး အခုခါမှာတော့ ဧက ၄၀၀ ဝန်းကျင်ကို တရုတ်နိုင်ငံသားတွေလုပ်ကိုင်ဖို့ ပြန်လည်ငှားရမ်းထားကာ ကျန်ရှိတဲ့မြေတွေကို ဒီအတိုင်း ပစ်ထားတာကြောင့် မြေသိမ်းခံရတဲ့တောင်သူတွေအနေနဲ့ နစ်နာမှုတွေရှိနေတယ်လို့ ဒေသခံ ကိုကြည်ထွန်းက ပြောပါတယ်။

အဲဒါအပြင် ဒေသခံတောင်သူတွေဆီကနေ ဧက ၂၀၀ ငှားရမ်းပြီးတော့လည်း တရုတ်နိုင်ငံသားတွေ ဝင်ရောက်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

စိုက်ပျိုးရေးမန်နေဂျာဦးမင်းအောင်က "ရွှေတောင်ရွာမြောက်ဘက်နားမှာ တရုတ်တွေ စိုက်ပျိုးရေးလာလုပ်နေတာ သိပါတယ်။ သူတို့ဆီကိုတော့ သွားပြီး မလေ့လာရသေပါဘူး၊ မြေငှားပြီး လာစိုက်မှတော့ သူတို့ အကျိုးဖြစ်အောင် လုပ်မှာပါပဲ။ အဲလိုအကျိုးရှိအောင်ဆိုရင် ပိုးသတ်ဆေးဆိုတဲ့ သွင်းအားစုတွေ အများကြီးသုံးမှာပါပဲ။ သူတို့ပြန်သွားရင် တောင်သူတွေ သံသယနဲ့ ကျန်နေတတ်တယ်၊ မြေပျက်သွားတာလားပေါ့။ သီးနှံဖြစ်အောင် စိုက်တာဆိုတော့ ပိုးသတ်ဆေး တအားသုံးမှာပါ။ ဒီမှာ ဘာတွေသုံးလည်းဆိုတဲ့ ဒေတာရရင်တော့ အဲမြေကို ဘယ်လိုပြင်ပြီး ဘာစိုက်သင့်တယ်ဆိုတာ လမ်းညွှန်လို့ရပါတယ်" လို့ ပြောပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်ကတော့ တရုတ်နိုင်ငံသားတွေ လာရောက်လုပ်ကိုင်နေတယ်ဆိုတာကို သိရှိရပြီး သွားရောက်ကြည့်ရှုဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံသားတွေဟာ စီးပွားရေးဗီဇာနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ လာရောက်လုပ်ကိုင်နေတာ ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှာတော့ ၇ ယောက်ကနေ ၁၁ ယောက်ထိ စာရင်းပေးလုပ်ကိုင်နေတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013