
အမေရိကန်က အီရန်ကို ၁၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ ၂ ယောက်ထက်မနည်း သေဆုံးပြီး ၁၁ ယောက်ဒဏ်ရာရခဲ့တယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ဇူလိုင် ၂၃ ရက်မှာ ဖော်ပြပါတယ်။
အီရတ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ရှာလမ်ချက် နယ်စပ်ဖြတ်ကျော်ဂိတ်ကို တိုက်ခိုက်မှုအတွင်း လူ ၂ ယောက်ထက်မနည်း သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့တာပါ။
အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) က ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင် သင်္ဘောတစင်း မီးလောင်နေတယ်လို့ ပြောပါတယ်။
ယီမင်နိုင်ငံထဲက ဟူသီသူပုန်တွေကလည်း ပင်လယ်နီထဲက ဆော်ဒီရေနံတင်သင်္ဘော ၂ စင်းကို ဒုံးကျည်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဟော်မုဇ်ရေလက်ကြားမှာ အီရန်တပ်ဖွဲ့တွေက သင်္ဘောတစင်းကို ထိမှန်အောင် ပစ်ခတ်တိုင်း အီရန်ရဲ့ တံတား ဒါမှမဟုတ် ဓာတ်အားပေးစက်ရုံကို ဗုံးကြဲမယ်လို့ သတိပေးပြီးတဲ့နောက် အီရန် အစိုးရရဲ့ ကာကွယ်ရေးမူဝါဒက မျက်လုံးတလုံးအတွက် မျက်လုံးတလုံးဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီက ပြောပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံမှာ အရပ်ဘက်သုံး ယူရေနီယမ် သန့်စင်ရေး စွမ်းရည်တွေကို တိုးတက်စေနိုင်တဲ့ အထင်ကရ နျူကလီးယားပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တရပ်ကို အမေရိကန်နဲ့ ဆော်ဒီအာရေဗျ အစိုးရတို့က ရရှိခဲ့ပါတယ်။
အမေရိကန်က အီရန်အပေါ် နောက်ထပ်တိုက်ခိုက်အပြီးမှာ ဘာရိန်း၊ ကူဝိတ်နဲ့ ဂျော်ဒန်နိုင်ငံတို့က အမေရိကန် စခန်းတွေ၊ ပိုင်ဆိုင်မှုတွေနဲ့ အခြေခံအဆောက်အအုံတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လက်စားချေတိုက်ခိုက်ခဲ့တယ်လို့ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေက ဇူလိုင် ၂၁ ရက်မှာ ပြောပါတယ်။
အီရန် အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) က သူ့ရဲ့ တရားဝင်သတင်းဌာန ဆီပါနယူးစ် ကနေ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
IRGC ရဲ့ လေကြောင်းတပ်ဖွဲ့တွေက ဘာရိန်းနဲ့ ကူဝိတ်တို့က အမေရိကန် လေကြောင်း ကာကွယ်ရေးစနစ်တွေ၊ ရေဒါအဆောက်အအုံတွေ၊ ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေနဲ့ တခြားစစ်ရေးပိုင်ဆိုင်မှုတွေအပြင် ဂျော်ဒန်နိုင်ငံထဲက အမေရိကန်စစ်ဘက် အဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောခဲ့ပါတယ်။
တိုက်ခိုက်မှုတွေဟာ အီရန်အပေါ် မကြာသေးမီက အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေအတွက် လက်စားချေမှုအဖြစ် လုပ်ခဲ့တာဖြစ်ပြီး ဒေသတွင်း အမေရိကန် စစ်ဘက်ပစ်မှတ်တွေကို ဒုံးကျည်နဲ့ ဒရုန်းသုံး စစ်ဆင်ရေးတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် လမ်းခင်းပေးဖို့ ရည်ရွယ်တယ်လို့ IRGC က ပြောခဲ့ပါတယ်။
Source:Reuters











