DVB Logo
Home
မြန်မာသတင်း
ပေါက်တောက ရွာ ၂ ရွာကို စစ်တပ်ဗုံးကြဲသဖြင့် အမျိုးသား ၅ ဦးဒဏ်ရာရ
DVB
·
October 24, 2026
Photo : ONN
Photo : ONN
Donate to DVB

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ကို အောက်တိုဘာ ၂၄ ရက် ဒီမနက်ပိုင်းမှာ စစ်တပ်က Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျေးရွာသား ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

စစ်တွေမြို့ တဘက်ကမ်းက ပေါက်တောမြို့နယ်၊ သဝင်ကိုင်းကျေးရွာနဲ့ အဝကန်ကျေးရွာကို ဒီမနက် ၆ နာရီလောက်မှာ Y-12 လေယာဉ်နဲ့ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး သဝင်ကိုင်းကျေးရွာမှာ ရွာသား အမျိုးသား ၃ ယောက်နဲ့ အဝကန်ကျေးရွာက အမျိုးသား ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတာလို့ ပေါက်တောဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“ညဉ့်ကတည်းက တညဉ့်လုံး ငပြီကျွန်းကို ဗုံးကြဲနေတာဗျာ။ ဒီနေ့ မနက်စောစောမှာ သဝင်ကိုင်းနဲ့ အဝကန်ရွာကို စစ်တပ်က Y-12 နဲ့ ဗုံး ၄ လုံးကြဲချတိုက်ခဲ့သွားတာ။ ရွာတွေက စစ်တွေနဲ့နီးတော့ ရွာသားတွေက သိပ်မရှိတော့ဘူးဆိုပေမဲ့ အိမ်စောင့်၊ ရွာစောင့်တွေအဖြစ် အမျိုးသားတွေ ကျန်ခဲ့ကြသေးတယ်။ အခု မနက်ကဗုံးကြဲခဲ့တာမှာ သဝင်ကိုင်းရွာက ၃ ဦးနဲ့ အဝကန်က ၂ ဦးတို့ ဒဏ်ရာရရှိသွားတယ်။ သူတို့ကို ဆေးကုသမှု လုံခြုံတဲ့နေရာက ဆေးရုံတခုကို ပို့ထားတယ်။” 

ဗုံးကြဲတိုက်ခိုက်တာခံခဲ့ကြရတဲ့ကျေးရွာတွေဟာ စစ်တပ်က ကမ်းတက်တိုက်ခိုက်နေတဲ့ ငပြီကျွန်းရဲ့ တဘက်ကမ်းမှာတည်ရှိကြတဲ့ ကျေးရွာတွေဖြစ်တာကြောင့် ကျေးရွာသားအများစုဟာ ၂၀၂၄ ခုနှစ် ကတည်းက စစ်ဘေးတိမ်းရှောင်နေကြရတာပါ။

အောက်တိုဘာ ၂၀ ရက်ကလည်း ပေါက်တောမြို့နဲ့ ပြားသူကြွယ်ကျေးရွာတို့ကို စစ်အာဏာရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ယောက် သေဆုံးပြီး နောက်ထပ် ၆ ယောက်လည်း ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။

အောက်တိုဘာ ၂၃ ရက်မှာလည်း စစ်တွေမြို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာကို စစ်တပ်က ဗုံးကြဲလို့ အရပ်သား ၁၀ ယောက်သေဆုံးပြီး၊ ၁၇ ယောက် ထက်မနည်း ဒဏ်ရရခဲ့ပါတယ်။

ပေါက်တောမြို့နယ် ငပြီကျွန်းမှာ အောက်တိုဘာ ၂၄ ရက်အထိ တိုက်ပွဲများ ပြင်းထန်နေသလို စစ်တပ်က လေကြောင်း ပစ်ကူ၊ စစ်တွေမြို့ဘက်က လက်နက်ကြီးပစ်ကူတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ပေါက်တောဒေသခံတွေက ပြောပါတယ်။

ပေါက်တောဒေသခံ အမျိုးသားတယောက်က “ငပြီကျွန်း တိုက်ပွဲက ဒီနေ့အထိ ပြင်းထန်နေတုန်းဗျာ။ ကျွန်းပေါ်မှာ စစ်တပ်ရော AA ပါ နှစ်ဖွဲ့လုံးရှိနေကြသေးတာ။ စစ်တပ်ဘက်ကတော့ လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ တရပ်စပ်ပစ်ခတ် တိုက်ခိုက် နေတာဗျာ။ နှစ်ဖက်လုံးကတော့ ကျွန်းပေါ် အပြီးသတ်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေကြတာ တွေ့ရတယ်” လို့ပြောပါတယ်။

စစ်အာဏာရှင်တပ်ဟာ ပေါက်တောမြို့နယ်၊ ငပြီကျွန်းကို အောက်တိုဘာ ၇ ရက်ကတည်းက ကမ်းတက်တိုက်ဖို့ စတင်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက်ကလည်း ထပ်မံကမ်းတက်နိုင်ဖို့ ကြိုးပမ်း ခဲ့သလို တိုက်ပွဲအတွင်း အာရက္ခတပ်တော်က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သင်္ဘော တစင်း မီးလောင်းပျက်စီးခဲ့ရပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013