DVB Logo
Home
မြန်မာသတင်း
ဟူးကောင်းချိုင့်ဝှမ်း လယ်သမားများ၏ မြေယာကို ယုဇနကုမ္ပဏီက ပြန်ပေးမည်
DVB
·
August 31, 2012
Donate to DVB

ကချင်ပြည်နယ်  ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ လယ်မြေနဲ့ ဥယျာဉ်ခြံမြေတွေကို သိမ်းယူခဲ့မှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုထားတဲ့ တောင်သူလယ်သမားတွေကို မြေနေရာတွေ ပြန်ပေးမယ်လို့ ယုဇနကုမ္ပဏီက ကတိပြုလိုက်ပါတယ်။

၂ဝဝ၆-၂ဝဝ၇ ခုနှစ်က စပြီး ဖားကန့်မြို့နယ်၊ ဝရာဇွပ်ကျေးရွာအုပ်စုအတွင်းက ဝရာဇွပ်၊ စံပြကျေးရွာ၊  နာဂျာပါ၊ အောင်ရာ၊ ဘန်ကောက်နှင့် ရှာဒူဇွပ် ကျေးရွာ ၆ ရွာက လယ်မြေတွေ၊  ဥယျာဉ်ခြံမြေတွေကို ယုဇနကုမ္ပဏီက သိမ်းယူခဲ့ပြီး ကျေးရွာလူနေ အိမ်တချို့လည်း ရွှေ့ပြောင်းခံခဲ့ရပါတယ်။

ဒါကြောင့် လယ်သမားတွေက လယ်ယာလုပ်ကိုင်ခွင့်ဆုံးရှုံးမှု အပေါ်နစ်နာမှုနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ ယုဇနကုမ္မဏီ ရုံးရှေ့မှာ ဆန္ဒပြဖို့ ကချင်ပြည်နယ်ကနေ ဆင်းလာခဲ့ကြပါတယ်။
ဆန္ဒပြဖို့ ပြင်ဆင်နေချိန်မှာ ယုဇနကုမ္ပဏီ ပိုင်ရှင် ဦးဌေးမြင့်က ခေါ်ယူဆွေးနွေးခဲ့ပြီး လယ်မြေတွေကို ပြန်ပေးဖို့ သဘောတူခဲ့တာလို့ လယ်သမားတွေကိုယ်စား သွားရောက် ညှိနှိုင်းပေးခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

“၃၀ ရက်နေ့မှာ ရွှေဂုံတိုင် ယုဇနကုမ္ပဏီရုံးချုပ်ရှေ့မှာ ဆန္ဒပြဖို့ စာတင်ခဲ့တာပါ။ အဲမတိုင်ခင် ၂၉ ရက်နေ့မှာပဲ ယုဇနကုမ္ပဏီ ဦးဌေးမြင့်က သူကိုယ်တိုင် ညှိနှိုင်းပေးပါမယ် ဆိုပြီး ပြန်ပြီးဖိတ်ခေါ်လိုက်တဲ့အတွက် ဆန္ဒပြမှာကို ရပ်ဆိုင်းလိုက်တယ်။ ဟူးကောင်းဘက်မှာ ရှိတဲ့ အခု တရားစွဲမယ့် တောင်သူတွေရဲ့ လယ်ယာတွေကိုတော့ စိုက်လို့ရအောင် ပြန်လုပ်ပေးပါမယ်။ နစ်နာကြေးအနေနဲ့ တရားရုံးမှာရင်ဆိုင်ထားတဲ့ အမှုကိုလည်း တရားရုံးကချမှတ်တဲ့ အတိုင်းပဲ ဖြေရှင်းပေးပါမယ်ဆိုပြီး ပြောတယ်။”

လယ်သမားတွေက ဒီနေ့ ရန်ကုန်စီးတီးစတား ဟိုတယ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ယုဇနကုမ္ပဏီက လယ်တွေပြန်ပေးမယ်ဆိုတဲ့ ကိစ္စနဲ့  တောင်သူတွေရဲ့နစ်နာချက်တွေ ကို ပြောဆိုခဲ့ပါတယ်။

ရန်ကုန်မှာ ဆန္ဒပြဖို့မလုပ်ခင်က လယ်သမား ၁၄၈ ဦးဟာ လယ်လုပ်ကိုင်ခွင့် ဆုံးရှုံးတဲ့အပေါ် နစ်နာမှုလျော်ကြေးပေးဖို့ ၂၀၁၀  ဇူလိုင် ၁၆ ရက်နေ့မှာ ကချင်ပြည်နယ် တရားရုံးမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

နောက်ပိုင်း ယုဇနကုမ္ပဏီက ခြိမ်းခြောက်လို့ နောက်ဆုတ်သွားတဲ့သူတွေ၊ ချလန်လက်ထဲမှာ မရှိတဲ့သူတွေနဲ့ တရားစွဲသူ ၈၀ ကျော်သာ ကျန်ပါတယ်။

ဒီတရားစွဲသူ ၈၀ ကျော်ရဲ့လယ်မြေကို ပြန်လည်လုပ်ကိုင်ခွင့်ပေးမှာဖြစ်သလို တရားရုံးက ချမှတ်တဲ့အတိုင်း ဖြေရှင်းပေးမယ်လို့ ဦးဌေးမြင့်က ပြောဆိုကြောင်းလည်း ဒေါ်ဘောက်ဂျာ က ပြောပါတယ်။ လယ်မြေသိမ်းခံရပြီးနောက်ပိုင်း ဒေသခံတောင်သူလယ်သမားတွေ စားဝတ်နေရေး အခက်အခဲ ဖြစ်ခဲ့ရပုံကိုလည်း သူက အခုလို ရှင်းပြပါတယ်။

“အခက်အခဲတွေ သူတို့တောက်လျှောက်ကြုံတွေ့ရတာပေါ့။ သား သမီးပညာရေး အခက်အခဲဖြစ်တယ်။ ကျောင်းမနေနိုင်ဘူး။ စားဝတ်နေရေးဆိုရင်လည်း သူများတွေဆီမှာ နေ့စားဆင်းပြီးတော့ ဖြစ်သလို အသက်ဆက်နေရတယ်။ တောထဲ တောင်ထဲ မှာ၊ မြို့ထဲမဟုတ်တဲ့နေရာတွေမှာ ပြည့်တန်ဆာခန်းတွေဖွင့်တယ်။ မူးယစ်ဆေးဝါးတွေ ဖောဖောသီသီရောင်းပေးတဲ့အတွက် တချို့ ကလေးတွေက ကျောင်းမနေနိုင်တဲ့အခါ အလုပ်လုပ်ရင်းနဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲတာတွေ ရှိလာတယ်။ အဲဒါတွေက ပိုပြီး များပြားလာပါတယ်။”

မြန်မာနိုင်ငံတဝန်းမှာ  တောင်သူတွေဆီက လယ်ယာမြေတွေကို ကုမ္ပဏီတွေနဲ့ စစ်တပ်က သိမ်းယူမှုတွေ ဖြစ်ပွားနေတဲ့အတွက် တောင်သူတွေကို ကာကွယ်တဲ့ ဥပဒေ ပေါ်ထွက်လာဖို့ အရေးတကြီး လိုအပ်ကြောင်းလည်း ဒေါ်ဘောက်ဂျာက ပြောဆိုသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013