
သတင်းမီဒီယာတွေအနေနဲ့ အပြုသဘောဝေဖန်ထောက်ပြကြဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်တွေရဲ့ ကတိသစ္စာပြုတဲ့အခမ်းအနားကို နေပြည်တော်ရှိ သမ္မတ အိမ်တော်မှာ နိုဝင်ဘာ ၂၃ ရက်က ပြုလုပ်ရာမှာ သမ္မတက ပြောကြား သွားတာပါ။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က "ဆွေးနွေးပြောဆို ငြင်းခုံမှုနဲ့ ဝေဖန်ထောက်ပြမှုတွေ မရှိဘူးဆိုရင် ဒီမိုကရေစီမရနိုင်ဘူးဆိုတာ လက်ခံထားပါတယ်။ ဝေဖန်ထောက်ပြတဲ့ အခါမှာလည်း ပြည်တွင်းငြိမ်းချမ်းရေး ဒီမိုကရေစီ ပန်းတိုင်ရောက်ရှိရေး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရေးကို ဦးတည်ပြီး အပြုသဘော အမြင်ဖြစ်စေလိုပါတယ်။ အပြု သဘောအမြင်နဲ့ ရေးသားထောက်ပြသော်လည်း ရေးသားပုံရေးသားနည်း တင်ပြပုံ တင်ပြနည်း မမှန်ကန်ပါက အထင်အမြင်လွဲမှားပြီး ခုတ်ရာတခြား ရှရာတခြားဖြစ်ကာ အပျက်သဘော သက်ရောက်သွားနိုင်တာကိုလဲ သတိပြုရမှာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။
ဒီအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေလည်း တက်ရောက်ခဲ့ပြီး နိုင်ငံတော် သမ္မတက မီဒီယာဏ္ဍဖွံ့ဖြိုးတိုးတက်လာဖို့ အတွက်လည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။
သတင်းမီဒီယာကောင်စီကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်က ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၂၉ ဦးနဲ့ နိုင်ငံတော် သမ္မတရုံးက အတည်ပြု ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။
အောင်ကိုကိုလတ် (နေပြည်တော်)











