DVB Logo
Home
မြန်မာသတင်း
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့မှုကျဆင်း
DVB
·
November 23, 2018
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့မှုကျဆင်း
1 / 2
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မောင်တောနယ်စပ်ကုန်သွယ်ရေးဂိတ်ကနေ  ဆန်တင်ပို့မှု အခုလမှာ လျော့ကျသွားတယ်လို့ မောင်တောနယ်စပ်ကုန်သွယ် ရေးစခန်းတာဝန်ခံလက်ထောက် ညွှန်ကြားရေးမှူး ဦးသာထွန်းစိန်က ပြောပါတယ်။

မောင်တောနယ်စပ်ကုန်သွယ်ရေးဂိတ်ကနေ တင်ပို့တဲ့ ဆန်တအိပ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က တာကာငွေ ၁၅၀ အခွန်ကောက်နေရာက ၅၀၀အထိ အခွန်တိုးမြှင့်ကောက်ခံလိုက်လို့ ဆန်တင်ပို့မှု ကျဆင်းသွားတာပါ။

ဆန်တင်ပို့တဲ့ ကုန်သည်တဦးက “၂၀၁၇ က ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ ရေကြီးမှုတွေဖြစ်တယ်။ စိုက်ခင်းတွေ ပျက်စီးသွားတယ်ပေါ့။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဆန်တန်ချိန် ၃ သန်းကျော်အထိ တင်သွင်းတာ လုပ်ခဲ့ရတယ်။ သူတို့နိုင်ငံမှာ ဆန်လိုအပ်ချက်အတွက် ဆန်တင်သွင်းခဲ့တဲ့ အခွန်နှုန်းထားတွေကို၂ ရာခိုင်နှုန်းအထိ လျှော့ပေးခဲ့တယ်။ လျှော့ပေးခဲ့တဲ့အတွက် မြန်မာကလည်း တင်သွင်းတယ်။ ကုန်သည်တွေကလည်း အခွန်တွေ လျှော့ပေးခဲ့တဲ့အတွက် အကျိုးအမြတ်တွေ ရရှိတော့ တင်သွင်းမူများခဲ့တာပေါ့လေ။ ၂၀၁၈ ဇွန်လကနေစပြီးတော့ အခွန်နှုန်းထားတွေကို မလျှော့ပေးတော့ဘဲ့ Custom Duty ကအစပေါ့လေ အခွန်တွေ မြင့်တက်လာတော့ ကျနော်တို့ ပြည်တွင်းမှာလည်း ဆန်ဈေးတွေက မြင့်တက်လာတယ်။ ကုန်သည်တွေက အကျိုးအမြတ်မရှိတော့ တင်ပို့မှု လျော့ကျလာတာ ဖြစ်တယ်။”

ပြည်တွင်းမှာ ဆန်သစ်တွေ ပေါ်နေပြီဖြစ်လို့ ဆန်ဈေးနှုန်းကျဆင်းလာနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အခွန်နှုန်းထားတွေ လျော့ပေးရင် ဆန်ပြန်လည်တင်ပို့နိုင်လိမ့်မယ်လို့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း လက်ထောက်ညွှန်ကြားရေးမှူး ဦးသာထွန်းစိန်က ပြောပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာနိုင်ငံက ဆန်တန်ချိန် ၂၆၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ၂၀၁၈ မီနီဘတ်ဂျက်ကာလ ဧပြီမှ စက်တင်ဘာအထိ ဆန်တန်ချိန် ၄၂၀၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှာ ဆန်တန်ချိန် ၂၀ သာ တင်ပို့နိုင်ခဲ့သလို အခု နိုဝင်ဘာ ၂၁ ရက်အထိ ဆန်တန်ချိန် ၁၀ တန်သာ တင်ပို့နိုင်တယ်လို့ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013