DVB Logo
Home
မြန်မာသတင်း
မလေးရှားသွားမည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄၅ ဦးကို ထိုင်းက ဖမ်းဆီးပြန်ပို့
DVB
·
November 22, 2018
မလေးရှားသွားမည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄၅ ဦးကို ထိုင်းက ဖမ်းဆီးပြန်ပို့
Donate to DVB

မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို သွားရောက်မယ့် ရွှေ့ပြောင်း မြန်မာအလုပ်သမား ၁၄၅ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး ဒီကနေ့ပဲ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်လိုက်ပါတယ်။

မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်၊ ကလပ်ဘူရီမြို့နယ်ထဲမှာ နိုဝင်ဘာ ၁၄ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ကို ဒီကနေ့ မြန်မာပြည်ဘက်ခြမ်းကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ပြန်ပို့လိုက်တာလို့ ရနောင်း မြန်မာအလုပ်သမား သံအရာရှိ ဦးဇော်မင်းအောင်က ပြောပါတယ်။

“သူတို့ကို ထိုင်းနိုင်ငံ ရနောင်းခရိုင် ကလပ်ပူရီလို့ခေါ်တဲ့ မြို့နယ်မှာ ဖမ်းမိတာ။ သူတို့က ထိုင်းဘက်ခြမ်းကို ရောက်နေပြီး ထိုင်းက စစ်တပ်တို့၊ ရဲတို့က ဖမ်းတာပေါ့။ လူတွေက အများကြီးဆိုတော့လေ။ သူတို့တွေက မလေးဘက်သွားဖို့ ထိုင်းနိုင်ငံကို ဖြတ်တာပေါ့။ ထိုင်းတောင်ပိုင်းကနေ သူတို့ ဟတ်ရိုင်ဘက်ကနေ မလေးဘက်ကို ကူးကြတာ။ မလေးဘက်ကို မဝင်နိုင်ခင် ဖမ်းလိုက်တာ။”

ဖမ်းဆီးခံရသူတွေဟာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်တွေဘက်က ဖြစ်ပြီး အဲဒီ ၁၄၅ ဦးထဲမှာ အမျိုးသမီး ၂၁ ဦးနဲ့ အသက်မပြည့်သေးတဲ့သူ ၉ ဦး ပါဝင်ပါတယ်။

ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းနဲ့ ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိတို့ ပူးပေါင်းညှိနှိုင်းပြီး အလုပ်သမားတွေကို မြန်မာပြည်ဘက် ကော့သောင်းမြို့ကို ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ပင်လယ်ထဲရှိနေချိန်  ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးက လက်မခံနိုင်ကြောင်း အကြောင်းကြားလာတယ်လို့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကသူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။

ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်ကတော့ ဒီလူ ၁၄၅ ဦးကိစ္စကို မြန်မာအလုပ်သမားသံအရာရှိဘက်က အကြောင်းကြားတာ မရှိသေးဘူးလို့ ပြောပါတယ်။

“သူတို့ဘက်က ကျနော်တို့ဆီကို အခုထိ ဘာမှ အလုပ်သမား သံအရာရှိဘက်က ဆက်သွယ်တာ မရှိသေးဘူး။ သူတို့ဘက်က ဆက်သွယ်လာရင် ကျနော်တို့က ဒီဘက်က အကုန်လုံး လုပ်ထားပြီးသား။ လာရင် ကျနော်တို့ လက်ခံမယ်။ ပို့မယ်။ ရန်ကုန်အထိဆိုရင်လည်း တယောက်ကိုဘယ်လောက် အဲဒါတွေ တွက်ထားပြီးသား။ အဲဒါ အခုထိ ကျနော်တို့ဆီကိုတော့ အဆက်အသွယ် မလုပ်သေးဘူး။”

ရနောင်းမြို့မှာရှိတဲ့ အလုပ်သမားသံအရာရှိကတော့ အဲဒီ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းလဝက ကနေ ဦးဆောင်ပြီး နေခင်း ၂ နာရီလောက်က ပို့ဆောင်ပေးခဲ့တာလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013