DVB Logo
Home
မြန်မာသတင်း
မေတ္တာတရားဖြင့် အမုန်းတရားအပေါ် အောင်ပွဲခံ အနိုင်ယူမည်
DVB
·
November 22, 2018
မေတ္တာတရားဖြင့် အမုန်းတရားအပေါ် အောင်ပွဲခံ အနိုင်ယူမည်
Donate to DVB

အပြန်အလှန်နားလည်မှုနဲ့ မေတ္တာတရားက အမုန်းတရားတွေအပေါ် အောင်ပွဲခံ အနိုင်ယူလိမ့်မယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ) အဖွဲ့ရဲ့ အကြံပြုဆွေးနွေးဝိုင်းမှာ မိန့်ခွန်းပြောသွားတာပါ။

“ဒီနေရာကို တစုတဝေး ရောက်ရှိလာသူတွေက ချစ်ကြည်ရေးစိတ်ဓာတ်၊ အပြန်အလှန် နားလည်မှုရှိအောင် လုပ်ဆောင်လိုတဲ့ဆန္ဒက မေတ္တာတရားတို့နဲ့ အစွဲအလမ်းတွေနဲ့ အမုန်းတရားတို့အပေါ် အောင်ပွဲခံ အနိုင်ယူလိမ့်မယ်လို့ ယူဆတယ်။ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့ကို မြှင့်တင်အားပေးမယ်ဆိုတဲ့ ကတိကဝတ်ပြုမှုနဲ့ ဆွေးနွေးကြခြင်းဖြင့် အတွေးအမြင်ကောင်းတွေ ရရှိကြလိမ့်မယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လွတ်လပ်စွာ ယုံကြည်ခွင့်နဲ့  လွတ်လပ်စွာကိုးကွယ်ခွင့် အခြေခံအခွင့်အရေးတွေ မကြုံစဘူး ထူးထူးကဲကဲ စိန်ခေါ်ခံရမှု တိုးပြီးရင်ဆိုင်နေရတဲ့ ကာလတခုကို ဖြတ်သန်းနေကြရတယ်၊ ကမ္ဘာတဝန်း အစွန်းရောက်သမားတွေရဲ့ အကြမ်းဖက်မှုတွေနဲ့ ဘာသာတရားကို ခုတုံးလုပ် အလွဲသုံးမှုတွေကိုလည်း မြင်နေရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင်တွေ အချင်းချင်းကြားမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကို စေ့စပ်ဆွေးနွေး ဖြေရှင်းမယ်၊ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းအားလုံးအကြား သဟဇာတဖြစ်မှုနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ အပြုသဘောလုပ်နိုင်မယ့် နည်းလမ်းတွေ ဒီဆွေးနွေးပွဲကနေ ရှာဖွေသွားမယ်လို့လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကတော့ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ အခြေခံအကြောင်းရင်းဟာ မတူကွဲပြားမှုတွေကို လက်ခံအသိအမှတ်ပြုမှု၊ လေးစားမှုမရှိတဲ့ ပြဿနာဖြစ်တယ်၊ ဒီပဋိပက္ခတွေကို နိုင်ငံရေးအရ၊ နည်းလမ်းတကျ မဖြေရှင်းဘဲ အင်အားသုံး ဖြေရှင်းခဲ့တဲ့အတွက် နှစ်ရှည်လများ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့ရတယ်လို့ ပြောသွားပါတယ်။

ငြိမ်းချမ်းမေတ္တာအဖွဲ့ မြန်မာနိုင်ငံရဲ့ ဦးစီးနာယက ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုကတော့ အစိုးရနဲ့ တပ်မတော်တို့ရဲ့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းမှုတွေကို ထောက်ခံဖို့ ရောက်ရှိလာတာဖြစ်တယ်၊ မြန်မာနိုင်ငံဟာ ကမ္ဘာ့အမြင်မှာ စိန်ခေါ်မှုကြီးများစွာနဲ့ ရင်ဆိုင်နေရတယ်၊ ကမ္ဘာ့တိုင်းပြည် အသီးသီးက ရောက်ရှိလာကြတဲ့ ပုဂ္ဂိုလ်တွေဟာ အစိုးရရဲ့ ငြိမ်းချမ်းရေး ခြေလှမ်းတွေနဲ့ ရင်ကြားစေ့ ကြိုးပမ်းမှုတွေကို ကမ္ဘာကို သိကြားစေကြလိမ့်လို့ ပြောပါတယ်။

ငြိမ်းချမ်းမေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေကတော့ အထူးသဖြင့် ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်တွင်းစစ်ရှောင်စခန်းတွေမှာ ရောက်နေတဲ့ တိုင်းရင်းသားတွေ၊ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတွေမှာ ရောက်နေသူတွေအတွက် ဘာသာရေးအဆုံးအမအရ ချစ်ခြင်းမေတ္တာတရား၊ စာနာထောက်ထားမှုဆိုတဲ့ တရားတွေအရ ဘယ်လို လုပ်ပေးနိုင်မလဲဆိုတဲ့ အမြင်တွေနဲ့ ညှိနှိုင်းသွားရင် ဝေးကွာနေတဲ့ ခံယူချက်အမြင်တွေ နီးစပ်လာမယ်လို့ ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းမေတ္တာအဖွဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဘုန်းတော်ကြီး ဂန်နာစတောလ်ဆက်ကတော့ မြန်မာပြည်အတွက် ဘာသာပေါင်းစုံက ရှုမြင်လိုတဲ့ မြင်ကွင်းဟာ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အပေါ် အခြေပြု တည်ဆောက်ထားတဲ့ သဟဇာတရှိပြီး ဖွံ့ဖြိုးကြွယ်ဝတဲ့ ဒီမိုကရေစီထွန်းကားရေး ဖြစ်တယ်လို့ ဆိုပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်ရဲ့ နာယက ခွန်ဥက္ကာကလည်း မေတ္တာနဲ့သာ အောင်မြင်တဲ့ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်သင့်တယ်လို့ ပြောသွားပါတယ်။

“ဆွေးနွေးပွဲရဲ့ အဓိကရည်မှန်းချက်အနေနဲ့ ဘာသာဝင်အားလုံးရဲ့ တူညီတဲ့ အနာဂတ်ကို စူးစမ်းဖော်ထုတ်ဖို့ဖြစ်ပြီး ဆင့်ပွားရည်မှန်းချက်တွေအနေနဲ့ ပညာရေး၊ တိုင်းရင်းသားနဲ့ လူနည်းစု အဖွဲ့အစည်းတွေအတွက် တန်းတူညီတူ အခွင့်အရေး ရရှိရေးနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရရှိစေဖို့ ဖြစ်ပါတယ်။”

ဒီဆွေးနွေးပွဲကို ဒုသမ္မတတွေ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ၊ သံတမန်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး ပညာရေး၊ တိုင်းရင်းသားအရေး၊ အမျိုးသမီးအရေး၊ လူငယ်နဲ့ ကလေးသူငယ်အရေးတွေ အပြင် ရခိုင်ပြည်နယ်ကိစ္စတွေကို အစုအဖွဲ့အလိုက် အမြင်ချင်းဖလှယ် ဆွေးနွေးကြပါတယ်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ကြီးဟာ ကမ္ဘာမှာ အကျယ်ပြန့်ဆုံးနဲ့ ဘာသာမျိုးစုံ ပါဝင်တဲ့ ဘာသာစုံ ညွန့်ပေါင်းအဖွဲ့ကြီးဖြစ်ပြီး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဌာနချုပ် အခြေစိုက်ပါတယ်။

ဒီအဖွဲ့ဟာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၉ဝ မှာ အဖွဲ့ခွဲတွေ ဖွဲ့စည်းထားပြီး အဖွဲ့ရဲ့ အခြေခံ ခံယူချက် ဆောင်ပုဒ်ကတော့ "ဘာသာကွဲပြား၊ ဘုံလုပ်ငန်းများ" ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013