DVB Logo
Home
မြန်မာသတင်း
ရေနစ်မြုပ်ခဲ့သည့် မွန်ပြည်နယ် ဆားကွင်းများအတွက် အခွန်ကင်းလွတ်ခွင့်ပြုရန် တင်ပြ
DVB
·
November 22, 2018
ရေနစ်မြုပ်ခဲ့သည့် မွန်ပြည်နယ် ဆားကွင်းများအတွက် အခွန်ကင်းလွတ်ခွင့်ပြုရန် တင်ပြ
Donate to DVB

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇွန်လက ရေကြီးခဲ့လို့ ဆားလုပ်ကွက်တွေ ပျက်စီးကာ ကျပ်သိန်း ၃၀၀၀ ကျော် ဆုံးရှုံးခဲ့ပြီး ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းတွေကိုလည်း ထိခိုက်ခဲ့တဲ့အတွက် နစ်နာတဲ့ ဆားလုပ်ငန်းရှင်တွေက အခွန်ကင်းလွတ်ခွင့်ပေးဖို့ သက်ဆိုင်ရာကို တင်ပြလိုက်ပါတယ်။

သဘာဝဘေးကြောင့် ဆုံးရှုံးနစ်နာခဲ့ရတဲ့ ဆားလုပ်ငန်းရှင် ၁၉ ဦးအနက် ၁၄ ဦးအတွက် လုပ်ငန်းလိုင်စင်အခွန် ကင်းလွတ်ခွင့်ပေးဖို့ ပြည်နယ်အစိုးရဆီ တင်ပြသွားမယ်လို့ မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

အခွန်ကင်းလွတ်ခွင့်ရဖို့ မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဆားလုပ်ငန်း ကော်မတီ အစည်းအဝေးမှာ သဘောတူညီချက် ရရှိခဲ့တဲ့အတွက် ပြည်နယ်အစိုးရဆီကို အမြန်ဆုံး တင်ပြသွားမယ်လို့ မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းထိန်က ပြောပါတယ်။

“ပြည်နယ်အစိုးရ အစည်းအဝေးကိုဖြတ်ပြီး သူတို့ အတည်ပြုပြီးပြီဆိုရင် ဒီရာသီမှာ လိုင်စင်အခွန် ကင်းလွတ်ခွင့်ရပါပြီ။ ဒါကလည်း နည်းပါတယ်။ လုပ်ငန်းရှင်တယောက်အနေနဲ့ သူလုပ်တဲ့ ဆားဧကပေါ် မူတည်ပြီးတော့ ကင်းလွတ်ခွင့်ရမယ်။ သူတို့ဆုံးရှုံးမှုနဲ့စာရင်တော့ မပြောပလောက်ဘူး။ ဒါပေမယ့် ဆားကော်မတီရယ်၊ ကျနော်တို့ ဆားလုပ်ငန်းရှင်များအသင်းရယ်၊ ပြည်နယ်အစိုးရရယ် ပူးပေါင်းပြီးတော့ ဒါလေးကို ကင်းလွတ်ခွင့်ပြုတဲ့ အခါကျတော့ တောင်သူတွေ စိတ်ဒဏ်ရာ နည်းနည်းသက်သာစေတာပေါ့။”

လုပ်ငန်းလိုင်စင် အခွန်ကင်းလွတ်ခွင့် ၂၀၁၈-၁၉ ဆားရာသီ တနှစ်စာအတွက် တင်ပြထားတာဖြစ်ပြီး ဆားလုပ်ကွက် ၁ ဧကကို ၃၅၀၀ ကျပ်၊ ဧက ၃၀ ဝန်းကျင်နဲ့ လုပ်ကိုင်နေတဲ့ ဆားတောင်သူတွေအတွက် အခွန်ခ တသိန်းကျော် သက်သာမှာဖြစ်ပါတယ်။

ဒါ့အပြင် ရာဘာစိုက်တောင်သူတွေ စိုက်ပျိုးစရိတ်ချေးငွေ ရရှိသလို ဆားတောင်သူတွေလည်း ချေးငွေရရှိအောင် အစိုးရက ဆောင်ရွက်ပေးဖို့ ဆားလုပ်ငန်းရှင်တွေက ဆန္ဒရှိနေကြပါတယ်။

လက်ရှိမှာ အစိုးရအနေနဲ့ ရေကြီးမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ချောင်းကော၊ မြောင်းကောတွေ ပြန်လည်တူးဖော်ပေးနေတယ်လို့ မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းထိန်က ပြောပါတယ်။

“ရေကြီးနစ်မြုပ်ခဲ့ပြီး ချောင်းကော၊ မြောင်းကောတွေ ဖြစ်လာတာတွေအတွက် ဒါတွေ ပြန်တူးဖော်ပေးဖို့အတွက် အစိုးရကို တင်ပြထားတယ်။ အစိုးရကလည်း ဆည်မြောင်း ပြည်နယ်မှူးကနေတဆင့် တွက်ချက်တိုင်းတာပြီး အခုဆိုရင် ပငကျေးရွာ (သံဖြူဇရပ်မြို့နယ်) က ဆားလုပ်ကွက် လေးခုကို ဘတ်ဖိုးကားသုံးစီးနဲ့ လုပ်ပေးနေတာ တလခွဲလောက်တော့ရှိပြီ။ နောက်တပတ်လောက် ပြီးပြီဆိုရင် ကရုပ္ပိဘက်ကို သွားမယ်။”

ဆားကော်မတီအနေနဲ့ နိုင်ငံတကား ဆားအရည်အသွေးကို ယှဉ်နိုင်ဖို့ နည်းပညာတွေ လိုအပ်နေသေးတဲ့အတွက် နိုင်ငံခြားက ကျွမ်းကျင်ပညာရှင်တွေကို ဖိတ်ခေါ်ကာ တနှစ် ၂ ကြိမ် နည်းပညာဖလှယ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

လက်ရှိမှာ ရာသီဥတုအခြေအနေနဲ့ ကုန်ဈေးနှုန်း အခြေအနေကြောင့် ဆားထုတ်လုပ်သူတွေ ထိခိုက်မှုတွေ ရှိနေတယ်လို့ မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောပါတယ်။

“တောင်သူတွေက အိုင်တီနည်းပညာပိုင်းနဲ့ ပတ်သက်ပြီး အားနည်းတော့ နှစ်ပေါင်းသုံးဆယ် လေးဆယ်လောက် အသုံးပြုခဲ့တဲ့ သမားရိုးကျနည်းတွေပဲ သုံးနေရတော့ အလုပ်သမား ပိုသုံးရတယ်။ အလုပ်သမားတွေလည်း ရှားပါးလာတယ်။ စက်သုံးဆီတွေလည်း ဈေးတက်လာတယ်။ ရာသီဥတုကလည်း လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကလိုမျိုး ပုံမှန်မဟုတ်တော့ဘူး။ နွေခေါင်ခေါင်လည်း မိုးရွာတယ်။ ဆောင်းတွင်းလည်း မိုးရွာတယ်ဆိုတော့ ဆားထုတ်လုပ်တဲ့သူတွေ ထိခိုက်နေတယ်။”

မွန်ပြည်နယ်မှာ ဆားလုပ်ငန်းကို သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ၊ ကျိုက္ခမီနဲ့ စက်စဲ၊ ပေါင်မြို့နယ်ရှိ ထန်းပင်ချောင်းကျေးရွာ၊ ရေးမြို့နယ်ရှိ ပလိုင်ကီးကျေးရွာတို့မှာ လုပ်ကိုင်နေပြီး မန္တလေး၊ ပဲခူးနဲ့ တနင်္သာရီ စတဲ့ ငါးလုပ်ငန်းဈေးကွက်တွေဆီ တင်ပို့နေတာပါ။

လက်ရှိ ဆားပေါက်ဈေးမှာ တပိဿာ ၂၀၀ ကျပ်ရှိပြီး ထုတ်လုပ်စရိတ်မှာ ၁၀၀ ကျပ် ကုန်ကျပါတယ်။

အခုနှစ်မှာ ဆားလုပ်ကွက် ဧက ၃၂၀၀ လောက် လုပ်ငန်းလိုင်စင်တင်ထားကာ မွန်ပြည်နယ်မှာ နှစ်စဉ် ဆားတန်ချိန် ၄၀,၀၀၀ လောက် ထုတ်လုပ်ပေးနေတယ်လို့  ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းက သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013