DVB Logo
Home
မြန်မာသတင်း
စွမ်းဆောင်ရည်မကောင်းသည့် ဝန်ကြီးများကို အစားထိုးရန် အစီအစဉ်မရှိသေး
DVB
·
November 22, 2018
စွမ်းဆောင်ရည်မကောင်းသည့် ဝန်ကြီးများကို အစားထိုးရန် အစီအစဉ်မရှိသေး
Donate to DVB

အစိုးရအဖွဲ့ထဲက ဝန်ကြီးတွေကို လူစားထိုး လဲလှယ်လိုက်ရင် နောက်လူတွေအနေနဲ့ လုပ်ငန်းအသားကျဖို့ ခက်ခဲသလို လူစားထိုးလဲလှယ်ဖို့လည်း အစီအစဉ် မရှိသေးဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဒီဗွီဘီကို ပြောပါတယ်။

အစိုးရအဖွဲ့ ဝန်ကြီးတချို့ လူစားထိုးလဲလှယ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို တချို့ဝန်ကြီးတွေဟာ စွမ်းဆောင်ရည် မကောင်းဘူးလို့ ပြည်သူအကြား ဝေဖန်မှုတွေ ရှိနေတဲ့အပေါ် တုံ့ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စွမ်းဆောင်ရည်အားနည်းတဲ့ ဝန်ကြီးတွေနဲ့ လူထုဝေဖန်ခံနေရတဲ့ ဝန်ကြီးချုပ်တချို့ကို အစိုးရက အပြောင်းအလဲလုပ်မယ် ဆိုတာဟာ ကောလာဟလ သတင်းသာဖြစ်ပြီး အရေးယူလောက်တဲ့ တိုင်ကြားမှုမျိုး မရှိသေးဘူးလို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ပြည်နယ်နဲ့ တိုင်းအစိုးရ အဖွဲ့တွေထဲက ဝန်ကြီးတွေရဲ့ စွမ်းဆောင်ရည်အားနည်းတာ၊ အစိုးရက ပွင့်လင်းမြင်သာမှု မရှိတာနဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေမှာလည်း ခြေမပေါ်တဲ့ ဝန်ကြီးတွေ ရှိတာကြောင့် ရွေးကောက်ပွဲမတိုင်ခင် အမြန်ဆုံး ပြောင်းလဲသင့်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။

မန္တလေးနည်းပညာကုမ္ပဏီ ဒါရိုက်တာ ဦးဇော်နိုင်က “လက်ရှိအစိုးရအနေနဲ့ တပ်မတော်ရဲ့ပါဝင်မှု အခန်းကဏ္ဍကို လျော့ချနိုင်ဖို့ဆိုရင် အစိုးရအဖွဲ့ဝင်တွေ အားလုံးဟာ အင်အားရှိဖို့လိုသလို ကျွမ်းကျင်မှုရှိဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ ပြောင်းလဲမှုမရှိဘူးဆိုရင် ပြည်သူက အားမရတာ ဖြစ်နိုင်တဲ့အတွက် အရွေ့တခုဖြစ်လာဖို့ လွှတ်တော်နဲ့အစိုးရ ညီညွတ်ဖို့လိုမယ်လို့ ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့ “အန်အယ်လ်ဒီအစိုးရအနေနဲ့ ဝန်ကြီးတွေကို လဲတာ၊ မလဲတာထက် လက်ရှိဖြစ်နေတဲ့ ပြည်သူတွေရဲ့ အခြေအနေမှန်ကို ပါတီအနေနဲ့ အမှန်အတိုင်း သိဖို့လိုတယ်” လို့ သုံးသပ်ပြောပါတယ်။

အန်အယ်လ်ဒီအစိုးရအနေနဲ့ သက်တမ်းသုံးနှစ်အတွင်း စီမံဘဏ္ဍာ ပြည်ထောင်စုဝန်ကြီးနဲ့ လယ်ဆည်ဒုဝန်ကြီးတွေ အစားထိုး ခန့်အပ်ခဲ့တာရှိသလို မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်တွေလည်း ပြောင်းလဲခန့်အပ်ခဲ့တာ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013