
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂစာချုပ် ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို မန္တလေး၊ မဟာအောင်မြေမြို့နယ် မနော်ရမ္မာန် ကလေးကစားကွင်းမှာ မနေ့ညနေက ကျင်းပပါတယ်။
အခမ်းအနားမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “ကလေးလေးတွေ စောင့်ရှောက်ဖို့က လုံးဝကို လူကြီးတွေရဲ့တာဝန်ပဲ ဖြစ်တယ်ဆိုတာ ပြောချင်တယ်။ ကျနော်တို့လည်း တတ်နိုင်သမျှ စောင့်ရှောက်ပါတယ်။ အစိုးရမှာလည်း မူတွေရှိတယ်၊ လုပ်လည်း လုပ်နေပါတယ်။ လုပ်နေတဲ့လုပ်ငန်းအားလုံးကို ပြည်သူထောက်ခံဖို့ပဲ အရေးကြီးတာပါ” လို့ ပြောပါတယ်။
ဒီပွဲကို မန္တလေးတိုင်းအစိုးရ အဖွဲ့ဝင်တွေ၊ မန္တလေးတိုင်း အမျိုးသမီးရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာယုယုမေ၊ လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေးဌာန တာဝန်ရှိသူတွေ၊ သုခရိပ်မြုံ ကလေးစောင့်ရှောက်ရေးကျောင်း၊ အမျိုးသမီး အသက်မွေးဝမ်းကျောင်းနဲ့ အန်ဂျီအို အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးစာချုပ်ကို ၄၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့တဲ့ ၁၉၈၉ နိုဝင်ဘာ ၂၀ ရက်နေ့ကို ကမ္ဘာ့ကလေးများနေ့အဖြစ် သတ်မှတ်ထားတာပါ။
မြန်မာနိုင်ငံအနေနဲ့ ၁၉၉၁ ခုနှစ်မှာ အဖွဲ့ဝင်နိုင်ငံအဖြစ် စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။











