DVB Logo
Home
မေးမြန်းခန်း
လုပ်ပိုင်ခွင့်ရရင် ပြည်တွင်းမှာ နိုင်ငံရေးလုပ်မယ် – ဦးမိုးသီးဇွန်
DVB
·
August 31, 2012
လုပ်ပိုင်ခွင့်ရရင် ပြည်တွင်းမှာ နိုင်ငံရေးလုပ်မယ် – ဦးမိုးသီးဇွန်
Donate to DVB

နိုင်ငံရေးအရ လုပ်ပိုင်ခွင့်၊ ဆောင်ရွက်ခွင့်တွေရရင် အချိန်မရွေး ကိုယ့်တိုင်းပြည်မှာပဲ ကျရတာဝန်ကို လုပ်ဆောင်မယ်လို့ ၈၈ အရေးတော်ပုံပေါ်မှာ ထင်းရှားတဲ့ ခေါင်းဆောင် တဦးဖြစ်ခဲ့ပြီး လောလောဆယ် ပြည်ပမှာ နေထိုင်နေတဲ့ ဦးမိုးသီးဇွန်က ပြောပါတယ်။

ဦးမိုးသီးဇွန်နဲ့ ပြည်ပအခြေစိုက် ခေါင်းဆောင်တချို့ဟာ  ၂၄ နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ရန်ကုန်ကို စက်တင်ဘာ ၁ ရက်နေ့ သွားရောက်တော့မှာပါ။ မြန်မာပြည်ခရီးစဉ်အတွင်းမှာ ဘာတွေ လုပ်ဆောင်မလဲ၊ ပြီးတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး ကိုမိုးသီးဇွန်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

၂၄ နှစ်အတွင်းမှာ မြန်မာပြည်ကို ပထမဆုံးပြန်လေ့လာတဲ့ ခရီးစဉ်ဆိုတော့ အဓိက မြန်မာပြည်ထဲမှာ ဘာတွေလုပ်မယ်၊ ဘယ်သူနဲ့တွေ့ဖို့ရှိပါလဲ။

“အဓိက ကျနော်တို့ သွားတာက ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စ၊ နိုင်ငံရေးအပြောင်းအလဲ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးဆိုတဲ့ လုပ်ငန်းစဉ်တွေ ၊ ခေါင်းစဉ်တွေ ဆွေးနွေးဖို့ သွားတာပါ။”

ဘယ်လောက်အထိ လုပ်လို့်ရမယ်လို့ မျှော်လင့်လဲ။

“ဒါကတော့ အခြေအနေတွေ အားလုံးကို ကျနော်တို့ ကြည့်ရမှာပေါ့။ ဒီလုပ်ငန်းစဉ်တွေဟာ အလွန်တရာမှ ကြီးကျယ်တဲ့  လုပ်ငန်းစဉ်တွေပါ။ ကျနော်တို့ တဖွဲ့တည်းနဲ့ လုပ်နိုင်မယ်လို့ မခံယူပါဘူး။ ကျနော်တို့ ရှိတဲ့အင်အားနဲ့လည်း မရပါဘူး။ တမျိုးသားလုံးပါဝင်ပြီး လုပ်ဆောင်ရ မှာပေါ့။ အစိုးရရော၊ ဒီမိုကရေစီအင်အားစုတွေရော အကုန်လုံးအတူတကွ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင်တော့ ဒီလုပ်ငန်းတွေက အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။”

ဦးမိုးသီးထွက်လာတဲ့ လွန်ခဲ့တဲ့ ၂၄ နှစ် အချိန်တုန်းကတော့ တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နိုင်ငံရေးလုပ်နေကြတယ်၊ နိုင်ငံရေးအသိတွေ ရှိနေကြတယ်။ အခုအခြေအနေ အနေအထားရော ဘယ်လိုမျိုး ပြောလို့ရလဲ။

“အခုအခြေအနေကလည်း နိုင်ငံရေးနိုးကြားလာပြီလို့ ပြောလို့ရတယ်။ အရင်ကနဲ့ မတူတာကတော့ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုတွေကို လွန်ခဲ့တဲ့ ၂၄ နှစ်တုန်းက တစိုက်မတ်မတ် တောင်းရ တာလေ။ အခု သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက စပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေကို သံန္နိဋ္ဌာန်ချပြီးတော့ လုပ်လာတယ်။ နောက်တခုက အထဲမှာလည်း ဒီမိုကရေစီအင်အားစုတွေက အခက်အခဲ အကျပ်အတည်းတွေကြားထဲက အပြောင်းအလဲတွေကို ကြိုးပမ်းနေတာတွေ့တယ်။ ဒါကြောင့်မို့လို့ ၈လေးလုံးတုန်းကတောင်းလာတဲ့ တောင်းဆိုချက်တွေနဲ့ အစိုးရကလည်း ဒီတောင်းဆိုချက်တွေကိုပဲ လုပ်ဆောင်နေတယ် ဆိုတော့ လူထုရဲ့ နိုးကြားလာမှုက ၈ လေးလုံးကနဲ့ အတူတူပဲလို့  ကျနော်အနေနဲ့ မြင်ပါတယ်။”

အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါမှာ ဘာတွေ ဆွေးနွေးမယ်လို့ ပြင်ထားလဲဗျ။

“ခုနက ပြောသလို တိုင်းပြည်ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်ပြန်လည် တည်ထောင်ရေး လုပ်ငန်းတွေကို အဓိက ဦးစားပေးပြီး ဆွေးနွေးမှာပါ။ အဲဒီလုပ်ငန်းတွေ အတွက်လည်း ဒီမိုကရေစီ အင်အားစုနဲ့ရော အစိုးရနဲ့ရော အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကျနော်တို့အဖွဲ့က ဆုံးဖြတ်ထားပါတယ်။ အဲဒါတွေကိုပဲ ဆွေးနွေးတင်ပြမှာပါ။ ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံရေး အင်အားစု အားလုံးရဲ့ အမြင်တွေကို ကျနော်တို့ လေ့လာခွင့်ရမယ်လို့ ယုံကြည်ပါတယ်။”

ဘယ်အလို အခြေအနေပေးရင် ပြည်တွင်းထဲမှာ နေထိုင်ပြီး နိုင်ငံရေးကို လုပ်မယ်လို့ မျှော်လင့် ထားလဲ။

“လွန်ခဲ့တဲ့ ၂၄ နှစ်ကတည်းက တိုက်လာတာက ကိုယ့်တိုင်းပြည်ကို ကိုယ်ပြန်ဖို့၊ ကိုယ်တိုင်းပြည်ကို ကိုယ်ပြန်တည်ဆောက်ဖို့ပဲ။ ကျနော်တို့တွေကို နိုင်ငံရေးအရ လုပ်ပိုင်ခွင့် ဆောင်ရွက်ခွင့်တွေ ရမယ်ဆိုရင် အချိန်မရွေး ကိုယ့်တိုင်းပြည်မှာ ပြန်ပြီးတော့ ကျရာတာဝန်ကို လုပ်မှာပါ။ ကျနော်တို့ ပဏာမဆွေးနွေးနေတဲ့ ဦးအောင်မင်းနဲ့ တုန်းကလည်း ဒီကိစ္စကို ဆွေးနွေးကြပါတယ်။ အဲဒီကိစ္စတွေ အားလုံးကို အဆင်ပြေမယ်လို့လည်း သူ့အနေနဲ့ မျှော်လင့်ထားတယ်။ ကျနော်တို့ အနေနဲ့လည်း မျှော်လင့်ထားတယ်။”

ပထမဦးဆုံး မြန်မာပြည်ကို ပြန်ရောက်ရင် ဘာကို စလုပ်မလဲဗျ။

“ပထမဆုံး ရွှေတိဂုံဘုရားကို သွားချင်တယ်။ အင်းလျားကန်မှာ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် နှင်းဆီပန်းလေးတွေ အင်းလျားကန်ထဲကို ချချင်တယ်။ မတ်လ ၁၆ ရက်နေ့မှာ ကျဆုံးသွားတဲ့ ရဲဘော်တွေ အတွက်ပေါ့။ နောက်ပြီး ၀န်ကြီးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမယ်။ ရောက်ရောက်ချင်းကတော့ ၈၈ ပြည်တွင်းက အင်အားစုတွေက ကျနော်တို့ကို ဂီတဖျော်ဖြေမယ့်ပွဲမှာ သွားတက်မယ်။”

တခြား ဘာပြောချင်တာ ရှိလဲဗျ။

“အခု ကျနော်တို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေက ကျနော်တို့အတွက် မဟုတ်ပါဘူး။ တမျိုးသားလုံးအတွက် မြန်မာပြည်မှာ ဖြစ်နေတဲ့ နိုင်ငံရေး ပဋိပက္ခတွေ ညှိနှိုင်းကြိုးပမ်းဆောင်ရွက်ပါ့မယ်။ ကျနော်တို့ကို အားပေးပါ။ ထောက်ခံပါ၊ ကူညီပါလို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013