DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း သတ္တုတူးဖော်ရေးကဏ္ဍ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
DVB
·
November 21, 2018
စစ်ကိုင်းတိုင်းအတွင်း သတ္တုတူးဖော်ရေးကဏ္ဍ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
Donate to DVB

စစ်ကိုင်းတိုင်းထဲမှာ အစိုးရသစ်လက်ထက် ၂ နှစ်ခွဲကျော်ကာလအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ တိုင်းဝန်ကြီးချုပ် ဦးဆောင်တဲ့ ရင်းနှီးမြှုပ်နှံမှု ကော်မတီကနေ ခွင့်ပြုထားတဲ့ လုပ်ငန်းပေါင်း ၂၅ ခုရှိပြီး မြန်မာကျပ်ငွေ ၄၄ ဘီလီယံကျော်နဲ့ အမေရိကန်ဒေါ်လာ ၂၇ သန်းကျော် ရရှိထားပါတယ်။

နောက်ထပ် ရင်းနှီးမြှုပ်နှံစရာတွေအနေနဲ့ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးအတွက် မြေလွတ်မြေလပ်မြေရိုင်း ဧက ၃ သန်းကျော် ရှိနေသေးတဲ့အပြင် သတ္တုတွင်းကဏ္ဍမှာလည်း ရင်းနှီးမြှုပ်နှံစရာတွေ ကျန်ရှိနေသေးတဲ့အတွက် လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ တိုင်းအစိုးရက ဖိတ်ခေါ်နေပါတယ်။

ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ တိုင်းရင်းနှီးမြှုပ်နှံမှု ကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်ဦးက “ကလေးမြို့နယ်၊ အင်ဒိုင်းကြီးဒေသမှာ ဧရိယာ ၂၄၇၀ ကျယ်ဝန်းပြီး တန်ချိန် ၃၇၉ သန်းထုတ်နိုင်တဲ့ ထုံးကျောက်သတ္တုသိုက် ရှိတယ်။ ဘိလပ်မြေထုတ်နိုင်တယ်ပေါ့။ ကလေးခရိုင်နဲ့ မော်လိုက်ခရိုင်မှာလည်း ကျောက်မီးသွေးတန်ချိန် ၂၃၀ ခန့် ထုတ်နိုင်မှာ ဖြစ်တဲ့အတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံ လုပ်ငန်းတွေ လုပ်နိုင်တယ်။ ကနီမြို့နယ် တွင်းမဒေသမှာလည်း ပိုဆိုလန် သတ္တုသိုက်ပမာဏ တန်ချိန် သန်း ၅၀၀ ခန့်ရှိတဲ့အတွက် ပိုဆိုလန်အခြေခံတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လို့ရသေးတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရက လယ်ယာနှင့် သားငါးဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စတာတွေကို ဦးစားပေး လုပ်ဆောင်နေတာပါ။

စစ်ကိုင်းတိုင်းဟာ နေရာဒေသ ကျယ်ဝန်းပြီး အခြေခံအဆောက်အအုံဖြစ်တဲ့ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေး စတာတွေမှာ လိုအပ်ချက်တွေ များစွာရှိနေဆဲဖြစ်လို့ လတ်တလော ရင်းနှီးမြှုပ်နှံမှုတွေက မျှော်မှန်းထားသလောက် ဝင်မလာသေးပါဘူး။

စစ်ကိုင်းတိုင်းမှာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၁၇ ခုနဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ၈ ခုရှိပါတယ်။ အများဆုံးက စက်မှုလုပ်ငန်းတွေ ဖြစ်ကြကြီး ၁၃ ခုထိရှိကာ ဝန်ဆောင်မှုလုပ်ငန်း ၇ ခု၊ ဟိုတယ်လုပ်ငန်း ၄ ခုနဲ့ လယ်ယာလုပ်ငန်း ၁ ခုတို့ ရှိနေပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထဲမှာ တရုတ်က အများဆုံးဖြစ်ပြီး အိန္ဒိယကတော့ အခုမှ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ လတ်တလော အနေအထားအရ စစ်ကိုင်းတိုင်းထဲမှာ ရင်းနှီးမြှုပ်နှံတဲ့ အခြေအနေက နည်းနေသေးတယ် ဆိုပေမယ့် လာရောက်ညှိနှိုင်းတာတွေလည်း အနည်းဆုံး ၂၀ ကျော်ရှိနေပြီး နောက်နှစ်မှာ ပိုမိုတိုးတက်ဖို့ တိုင်းအစိုးရက မျှော်လင့်ထားပါတယ်။

ဒါ့အပြင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ရေး၊ စွမ်းအင် စတဲ့ကဏ္ဍတွေမှာလည်း ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

တိုင်းနဲ့ပြည်နယ်တွေအနေနဲ့ အမေရိကန်ဒေါ်လာ ၅ သန်းအောက်၊ မြန်မာကျပ်ငွေ သန်း ၆၀၀၀ အောက် ရင်းနှီးမြှုပ်နှံမှုတွေကို တိုက်ရိုက်လုပ်ဆောင်နိုင်ပြီး ဒိထက် ပမာဏပိုများရင်  ပြည်ထောင်စုအဆင့်ရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013