DVB Logo
Home
မြန်မာသတင်း
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးပွဲ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားခေါင်းဆောင်များ တက်ရောက်
DVB
·
November 21, 2018
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးပွဲ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားခေါင်းဆောင်များ တက်ရောက်
Donate to DVB

ဘာသာပေါင်းစုံငြိမ်းချမ်းရေး Religions For Peace ပွဲဖွင့်ပွဲကို နေပြည်တော်မှာ ဒီနေ့မနက်က စတင်ကျင်းပရာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။

ဒီပွဲမှာ ငြိမ်းချမ်းရေးအတွက် အကြံပြုဆွေးနွေးပွဲခေါင်းစဉ်နဲ့ ဆွေးနွေးကြမယ်လို့ မြန်မာနိုင်ငံ ခရစ်ယာန်အဖွဲ့ချုပ်က သိက္ခာတော်ရ ဆရာတော် စောရွှေလင်းက ဒီဗွီဘီကို ပြောပါတယ်။

“ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အကြံပြုဆွေးနွေးပွဲပေါ့။ သူက မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ ဘာသာရေးခေါင်းဆောင်တွေ ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါတယ်။ ပါတီတွေ ပါတယ်။ ပြီးတော့ ယူအန်အေဂျင်စီတွေ၊ အစိုးရဝန်ထမ်းတွေ အားလုံး ဖွင့်ပွဲမှာ များတာပေါ့။ တကယ်တမ်း ဆွေးနွေးပွဲကျတော့ လူအယောက် ၁၃၀ ပဲရှိမယ်။ ဒီဆွေးနွေးပွဲက ခေါင်းစဉ် ၅ ခုပါတယ်။ တိုင်းရင်းသားအရေးပါမယ်။ ရခိုင်ပြည်နယ်မှာဖြစ်တဲ့ အရေးကိစ္စ ပါမယ်။ လူငယ်အကြောင်း ပါမယ်။ အမျိုးသမီးအကြောင်း ပါမယ်။ ပညာရေးအကြောင်း ပါမယ်။”

ဒီမနက် နေပြည်တော်မှာကျင်းပတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးပွဲ ဖွင့်ပွဲကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုသမ္မတတွေ၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ တက်ရောက်ခဲ့ပါတယ်။ တပ်မတော်ဘက်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ တက်ရောက်ခြင်းမရှိဘဲ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကတော့ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ ချင်းအမျိုးသားတပ်ဦးက ဒေါက်တာ ဆလိုင်းလျန်မှုန်း စသူတွေ တက်ရောက်ကြပါတယ်။

ကေအန်ယူ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်ကတော့ ဒီပွဲမှာ ထိပ်သီးခေါင်းဆောင်တွေ အလွတ်သဘောနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံတယ်ဆိုရင်တော့ ကောင်းမွန်တယ်လို့လည်း ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီပွဲမှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တက်မယ်။ ကာကွယ်ရေးဦးစီးချုပ် တက်မယ်ဆိုတော့၊ တခြား ဘာသာရေးခေါင်းဆောင်တွေ တက်မယ်ဆိုတော့ အကုန်လုံး ဆုံကြတယ်လေ။ ဘာသာရေးဆုတောင်းပွဲအပြင် တခြား အလျဉ်းသင့်ရင်လည်း တွေ့ချင်လည်း တွေ့နိုင်တာပေါ့”

ဒီပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ သီးခြားတွေ့ဆုံဖို့ စီစဉ်ထားတာ မရှိပေမယ့် နံနက်စာစားချိန် အတူ စကားပြောဆိုတာ ရှိတယ်လို့ ဆရာတော် စောရွှေလင်းက ပြောပါတယ်။

Religions For Peace အဖွဲ့က ဦးဆောင်ကျင်းပတဲ့ မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးထွန်းကားရေးအတွက် အကြံပြုဆွေးနွေးပွဲကို နိုဝင်ဘာ ၂၁ နဲ့ ၂၂ ရက်တို့မှာ ၂ ရက်ကြာ ကျင်းပနေတာ ဖြစ်ပါတယ်။

၂ ရက်ကြာ ကျင်းပတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးပွဲကို  ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ်လ် ချားလ်မောင်ဘိုဦးဆောင်းပြီး ဘာသာပေါင်းစုံက ခေါင်းဆောင်တချို့ တက်ရောက်ကြပါတယ်။ အလားတူပွဲကို ၅ ပွဲကျင်းပဖို့လည်း အစီအစဉ်ရှိပြီး နေပြည်တော်မှာ ပထမဆုံး ကျင်းပတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013