DVB Logo
Home
မြန်မာသတင်း
ကေအန်ပီပီ အန်စီအေလက်မှတ်ထိုးတော့မလား- ခူးဦးရယ်နှင့်မေးမြန်းချက်
DVB
·
November 20, 2018
ကေအန်ပီပီ အန်စီအေလက်မှတ်ထိုးတော့မလား- ခူးဦးရယ်နှင့်မေးမြန်းချက်
Donate to DVB

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)နဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲရလဒ်နဲ့ ငြိမ်းချမ်းရေးပေါ်သဘောထားအမြင်နဲ့ အန်စီအေလက်မှတ် ထိုးဖို့အလားအလာတွေကို သိရဖို့ ကေအန်ပီပီ ဒု-ဥက္ကဋ္ဌ  ခူးဦးရယ်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ကေအန်ပီပီအနေနဲ့ အန်စီအေလက်မှတ်ထိုးတော့မယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ။ “ကျနော်တို့ ဒီလိုတော့မဆွေးနွေးဘူးဗျာ။ ကျနော်တို့က အလွတ်သဘောပဲဆိုတော့လေ။ ကျနော်တို့ကတော့ အန်စီအေလမ်းကြောင်းအတိုင်းတော့ဆက်သွားမယ်။  အဆင်ပြေအောင်တော့ ကျနော်တို့လိုက်ပြီး လိုအပ်တဲ့ အခက်အခဲလေးတွေကို ကျော်လွှားဖို့ ညှိနေတယ်ပေါ့နော်။ ဆိုလိုတာက မြေပြင်က အခြေအနေတချို့တွေက ကျနော်တို့ ယုံကြည်မှုကို ယိမ်းယိုင်စေတဲ့ အကြောင်းတရားတွေ နည်းနည်းရှိလိုလေ။ အဲဒီဟာတွေကို ကျနော်တို့  အဆင်ပြေအောင် အရင်ဆုံးညှိပြီးမှပဲ ဆက်သွားမယ်ဆိုတဲ့သဘောပဲ။ ”

မေး။ ဆိုတော့ ၁၈ ရက်နေ့က တွေ့ဆုံပွဲမှာ ဘယ်လိုအကြောင်းအရာတွေကို အဓိကထား ဆွေးနွေးခဲ့ကြတာလဲ။

ဖြေ။ “ကျနော်တို့က အလွတ်သဘောဆိုတော့လေ။ တော်တော်များများကိစ္စရပ်တွေကို ဆွေးနွေးဖြစ် ပါတယ်။ ကိစ္စရပ်တခု နှစ်ခုထဲကို တိုင်ပင်ဆွေးနွေးတာမဟုတ်ဘူး။ အလွတ်သဘောဆိုတဲ့အညီ ကျနော်တို့ကတော့ လိုအပ်သမျှတွေကို ပြောကြဆိုကြ၊ အသိပေးကြ၊ အမြင်သဘောထားတွေကို ဖလှယ်ကြ၊ နည်းလမ်းတွေ ဘယ်လိုရှာကြမလဲဆိုတဲ့ သဘောမျိုးတွေပေါ့နော်။ ”

မေး။ အထူးသဖြင့် ဘယ်လိုကဏ္ဍတွေကို ထည့်သွင်းဆွေးနွေးတာမျိုးတွေရှိလဲ။

ဖြေ။ “ကျနော်တို့ Bilateral ထိုးပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ ပြည်နယ်အတွင်းမှာ တချို့ မြေပြင်က အခြေအနေတွေက ကျနော်တို့ နည်းနည်းလေး အဆင်ပြေပြေနဲ့ ကျနော်တို့ ထိန်းကျောင်းလာတဲ့  အခြေအနေက တော်တော်လေး တည်ငြိမ်လာပြီးမှ နောက်ပိုင်း ကမောက်မ အခြေအနေမျိုး ပြန်ဦးလှည့်လာသလိုမျိုး ဖြစ်တာမျိုးတွေ ရှိတာပေါ့နော်။ အဲဒီဟာမျိုးတွေနဲ့ပတ်သက်ပြီး ကျနော်တို့ အဆင်ပြေအောင် ပြန်ညှိကြဖို့လိုတယ်။ နှစ်ဦးနှစ်ဖက် အပြန်အလှန် သဘောပေါက်နားလည်မှုတွေ ပြည့်ဝဖို့လိုတယ်။ ယုံကြည်မှု ရှိကြဖို့လိုတာပေါ့နော်။ ဒီဟာလေးကို ကျနော်တို့ ဆွေးနွေးဖြစ်တယ်။”

“နောက်တခုက ကျနော်တို့အခု ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ သွားနေတဲ့အဆင့်ဆင့်မှာ တချို့ကိစ္စရပ်တွေက အဆင်မပြေသလို ကျနော်တို့တွေ့မြင်ရတော့  ဒါတွေက ဘာလိုအပ်ချက်တွေ ရှိနေသလဲပေါ့နော်။ အထူးဖြင့်ကတော့ အားလုံးပါဝင်ရေးပေါ့နော်။ ငြိမ်းချမ်းရေးစကားပြောတယ် ဆိုတာ ပြဿနာရှိလို့ ကျနော်တို့ စကားပြောကြတာလေ။ ပြဿနာရှိတာကိုတော့ ကျနော်တို့ နှစ်ဦးနှစ်ဖက်ဆောင်ရွက်ဖို့ အသိအမှတ်ပြု လက်ခံဖို့လိုတယ်။ ဒီပြဿနာတွေနဲ့ နှီးနွှယ်ပြီး ပတ်သက်နေတဲ့ အစုအဖွဲ့တွေကတော့ အားလုံး ဖြစ်စဉ်ထဲမှာ ပါဖို့ လိုတယ်ပေါ့။  သူတို့ပါမှပဲ ပြဿနာကို ဖြေရှင်းရာ၊ အဖြေရှာရာ ရောက်မယ်လို့ ကျနော်တို့က နားလည်တာလေ။ ဒါမှပဲ ကျနော်တို့ သွားချင်တဲ့ ငြိမ်းချမ်းမှုကို ကျနော်တို့ ဦးတည်နိုင်မှာပေါ့။ ဒါကတော့ ယေဘုယျသဘောပေါ့နော်။ ကျနော်တို့ အဲဒီခြေအနေနဲ့ ချဉ်းကပ်ကြတာပါ။”

“အဲတော့ လောလောဆယ်မှာ အပစ်ခတ်ရပ်စဲရေးလို့ ပြောတဲ့ကြရင်တော့ ကျနော်တို့ဆီမှာ နှစ်ပိုင်းရှိတာပေါ့နော်။ ကျနော်တို့ တဖွဲ့ချင်း လက်မှတ်ရေးထိုးထားတာရှိတယ်။ နောက်ပြီး တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ လက်မှတ်ရေးထိုးတာတွေ ရှိတယ်ပေါ့နော်။ အဲတော့ အကန့် နှစ်ကန့်ရှိတယ်။ ဆိုတော့ အခုလောလောဆယ်မှာ တဖွဲ့ချင်းအနေအထားမှာလည်း သူသူငါငါ ပုံစံ တမျိုးစီနဲ့ ယူကြပြီးသားဖြစ်တယ်ပေါ့။ ဒါပေမယ့် တနိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကျပြန်တော့လည်း တချို့က ထိုးပြီးသားဖြစ်တယ်။ တချို့က မထိုးရသေးဘူး အဲလိုမျိုးဖြစ်နေတယ်။ ပြောရရင်တော့ ဟန်ချက်မညီဘူးပေါ့ဗျာ။  အဲတော့ ဟန်ချက်မညီဘဲနဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးအလွန်ကာလမှာ ဘယ်လိုအကောင်အထည်ဖော်မှာလဲဆိုတဲ့ အပိုင်းကို ရောက်တဲ့အခါကျတော့ ဒီနေရာမှာ ကျနော်တို့က ဟန်ချက်မညီတော့ဘူးပေါ့နော်။ အန်စီအေထိုးပြီးတဲ့ အဖွဲ့နဲ့ မထိုးသေးတဲ့အဖွဲ့ ကွဲလွဲနေတဲ့အပေါ်မှာ ရှေ့ဆက်သွားရတာ အခက်အခဲဖြစ်တာပေါ့။ ထိုးပြီးသားအဖွဲ့လောက်နဲ့ပဲ သွားနေမယ်ဆိုရင်တော့ ပြဿနာက ပြေလည်တယ်လို့ မှတ်ယူလို့မရဘူးပေါ့နော်။ အခုနက ပြောသလို ပြဿနာ အ၀န်းအ၀ိုင်းထဲမှာ နှီးနွှယ်ပတ်သက်တဲ့လူတွေ အားလုံးတော့ ပါဖို့လိုတယ်။ ပါတယ်ဆိုတဲ့နေရာမှာ သူ့ဒေသနဲ့သူတော့ ပြဿနာ တရားဝင် ရှင်းတဲ့အနေအထားမျိုးလည်း ပါသွားဖို့ လိုတာပေါ့နော်။”

မေး။ အခုငြိမ်းချမ်းရေး ဆွေးနွေးမှုအခြေအနေက တစ်ဆို့နေပြီး ရှေ့ဆက်မသွားနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတယ်လေ။ အဲတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လိုနည်းလမ်းနဲ့သွားမှ အဆင်ပြေမယ်လို့ ခူးဦးရယ်တို့အနေနဲ့ မြင်လဲရှင်။

ဖြေ။ “ အဓိကကျတော့ အခုနက ကျနော်ပြောသလိုပဲလေ။ အားလုံးပါဝင်ပြီးတော့ သွားနေတဲ့ အခင်းအကျင်းမဟုတ်တော့ လက်မှတ်ထိုးထားပြီးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဒီနှစ်နှစ် သုံးနှစ်ကြာ သူတို့ သွားကြည့်တယ်ပေါ့နော်။ အခုန ကျနော်ပြောသလို ဟန်ချက်မညီဘဲနဲ့ သွားတဲ့အခါမျိုးတွေမှာ အခက်အခဲက အဲဒီအပေါ်မှာလည်း အများကြီးမူတည်တယ်လို့ ကျနော်နားလည်တာပေါ့။ နောက်တခါ ဟန်ချက်မညီဘဲ သွားတဲ့အပြင်ကို အခင်းအကျင်းတွေ သွားတဲ့အခါ သာတူညီမျှလည်း လက်မှတ်ထိုးထားပြီးသားအဖွဲ့ထဲမှာလည်း မတူညီဘူးလို့ ကျနော်သုံးသပ်ကြည့်တယ်။ ဥပမာ တချို့အဖွဲ့အစည်းတွေက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့်ရှိတယ်။ တချို့က ကျင်းပခွင့်မရှိဘူး။ အစက အားလုံး နားလည်သဘောပေါက်ထားတာကတော့ နယ်မြေဒေသ မခွဲခြားဘဲနဲ့ လိုအပ်ရင် လိုအပ်သလို ကိုယ့်လူထုနဲ့ထိတွေ့ပြီးတော့ ညှိနှိုင်းသဘောထား ရယူနိုင်တဲ့အခွင့်အလမ်းရှိရမယ်လို့ ကျနော်တို့ နားလည်တာပေါ့နော်။  လက်မှတ်ထိုးပြီးသား အဖွဲ့တွေကလည်း အဲလို နားလည်ထားတယ်လို့ ကျနော် နားလည်တာပေါ့နော်။ ဒါပေမယ့် တကယ်လက်တွေ့မှာ အဲဒီလို ကျင်းပခွင့်မရှိဘူး။ အကန့်အသတ် အောက်မှာလုပ်ရတဲ့ အခါကျတော့ ရလဒ်ကောင်းတွေရှိမနေဘူးပေါ့နော်။ ပြင်ဆင်မှု အားကောင်းမနေဘူးပေါ့နော်။ အဲလို ပြင်ဆင်မှု အားကောင်းမနေတဲ့အချိန်ကို သွားတဲ့အခါ သဘောထားတွေက တော်တော်လေးကို ကွဲလွဲပြီး အတော်လေးကို ခက်ခဲတဲ့သဘောမျိုးဖြစ်တယ်။ အထူးသဖြင့်ကတော့ သဘောတူ ဆုံးဖြတ်ချက်ချရမယ့် ကိစ္စရပ်လိုမျိုးတွေက ပါနေတဲ့အဖွဲ့အစည်းလောက်နဲ့ မလုံလောက်ဘူး လေနော်။ ဒါက တစုံလုံးဆိုင်ရာ ပြဿနာဖြစ်တယ်လေ။ တစုံလုံးပါမှပဲ သဘောတူ ဆုံးဖြတ်တဲ့ အခင်းအကျင်းဖြစ်မှပဲ နည်းနည်းလေး အဆင်ပြေမယ်လို့ နားလည်တာပေါ့။”

မေး။ အခုပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကေအန်ပီပီရဲ့ အခု ဆုပ်ကိုင်နေတဲ့ မူဝါဒနဲ့ ပတ်သက်ပြီး လူထုတွေကို ဘယ်လိုမျိုးပြောပြချင်လဲ။

ဖြေ။ “ကျနော်တို့ကတော့ သွားနေတဲ့ အခင်းအကျင်းအခြေအနေအရပ်ရပ် အခက်အခဲတွေ၊ ဆက်သွားရမယ့်အချက်တွေ၊ လုပ်နည်းလုပ်ဟန်တွေ၊ နောက်ပါဝင်ပတ်သက်ရမယ့် ပုဂ္ဂိုလ်ရယ် နောက်လူထုတွေရဲ့ အခန်းကဏ္ဍရယ် ပေါ့။ အထူးသဖြင့်ကတော့ လူထုတွေရဲ့ အခန်းကဏ္ဍက ထည့်သွင်းစဉ်းစားဖို့လိုတယ်။ ငြိမ်းချမ်းရေးဆိုတာ လူထုတစုံလုံးပါမှ၊ ထောက်ခံအားပေးမှလည်း အေးချမ်းမယ်လို့ ကျနော်တို့ နားလည်တာလေ။  သက်ဆိုင်ရာ အစုအဖွဲ့တွေချင်းပဲ သဘောတူထားပြီးတော့ လုပ်သွားသလို့တော့ ပြီးမြောက်မယ့်ကိစ္စမဟုတ်ဘူး။ ကျနော်တို့ကတော့ ပြဿနာကို ပြန်ဦးလှည့်မသွားရလေအောင်လို့ ထိန်းကျောင်းရမယ့် အစုအဖွဲ့လို့ နားလည်တာပေါ့။

တကယ်တမ်း အကောင်အထည်ဖော်တဲ့အခါမှာ လူထုတရပ်လုံးလည်းပါဝင်ဖို့ လိုတာပေါ့။  အဲတော့ ကျနော်တို့ အခုသွားနေတဲ့ ဖြစ်စဉ်မှာလည်း သူတို့က ဘယ်လိုနည်းနာတွေနဲ့ ဘယ်လိုလုပ်ငန်းစဉ်တွေမှာ ဘယ်အခြေခံအောက်မှာ ဘယ်လိုပါနိုင်တဲ့ဟာလဲ ဆိုတာကို ရှင်းလင်းချပြဖို့ လိုတာပေါ့နော်။  အခုဟာက လုပ်သာလုပ်နေတာ။ ၆ နှစ်၊ ၇ နှစ်ရှိပြီ။ လူထုတွေက ကနေ့ အထိ ဝေေ၀၀ါးဝါးပဲ ရှိနေတယ်လို့ ခံစားမိပါတယ်။ ”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013