
နိုင်ငံတကာ ကလေးငြိမ်းချမ်းရေးဆု (International Children’s Peace Award) ဟာ ထူးထူးခြားခြား စွမ်းဆောင်နိုင်တဲ့ ကလေးတွေကို မြေတောင်မြှောက်တဲ့အနေနဲ့ ပေးအပ်တဲ့ဆုပါ။
ဒီနှစ်မှာတော့ ပါကစ္စတန်က အသက် ၁၄ နှစ်အရွယ် မာလာလာ ယူဆွတ်ဖ်ဆေး ဆိုတဲ့ ကောင်မလေးဟာ နိုင်ငံတကာ ကလေးငြိမ်းချမ်းရေးဆုရှင် ဆန်ခါတင်စာရင်းမှာ လျာထားခံရပါတယ်။ ပါကစ္စတန်ကလေးငယ်တွေထဲမှာတော့ အခုလို လျာထားခံရတာ ‘မာလာလာ’က ပထမဆုံးပါပဲ။ တချိန်တည်းမှာ တာလီဘန်တွေက အမျိုးသမီးတွေကို ပညာသင်ကြားခွင့်ပိတ်ပင်ထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ အွန်လိုင်းမှတ်တမ်း အရေးကောင်းတဲ့ အတွက် ပါကစ္စတန်ရဲ့အမျိုးသားငြိမ်းချမ်းရေးဆုကိုလည်း မာလာလာကို ချီးမြှင့်လိုက်ပါတယ်။
မာလာလာ လေးဟာ ပါကစ္စတန်က တာလီဘန်တွေနဲ့ အစိုးရတပ်တွေရဲ့ စစ်မြေပြင်၊ ဆ၀ပ် (Swat) တောင်ကြားဒေသမှာ နေပါတယ်။ တနေ့ကျရင် ပါကစ္စတန်ရဲ့ နိုင်ငံရေးသမားဖြစ်လာဖို့လည်း မျှော်မှန်းထားပါတယ်။ လောလောဆယ် ကလေးအခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူ မာလာလာ ကို အေးရှားကောလင်း သတင်းထောက် မူဒါဆာရှားက တွေ့ဆုံမေးမြန်းထားပါတယ်။
အရင်တုန်းက စာတွေကို လျှို့ဝှက်ရေးနေတဲ့အချိန်တုန်းကလည်း မူဒါဆာရှာက မာလာလာကို အင်တာဗျူးခဲ့ဖူးပါတယ်။ အခုတခါမှာတော့ နိုင်ငံတကာဆုချီးမြှင့်ခံရဖို့ လျာထားခံရတာနဲ့ပတ်သက်လို့ မေးမြန်းထားတာကို နားဆင်ကြရမှာပါ။











