DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ရေမဆေးကျောက်ရှာသူများနှင့် လုံခြုံရေး ပဋိပက္ခဖြစ်ပွား၊ ၁ ဦးသေဆုံး
DVB
·
November 20, 2018
ဖားကန့်တွင် ရေမဆေးကျောက်ရှာသူများနှင့် လုံခြုံရေး ပဋိပက္ခဖြစ်ပွား၊ ၁ ဦးသေဆုံး
1 / 5
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီလုပ်ကွက်မှာ ရေမဆေးကျောက်ရှာသူတွေနဲ့ လုံခြုံရေးတွေ နိုဝင်ဘာ ၁၉ ရက် ညနေက ပဋိပက္ခဖြစ်ကာ ပစ်ခတ်မှုဖြစ်ပွားပြီး လူတဦး သေဆုံးသွားပါတယ်။

ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီ လုပ်ကွက်ထဲကို ရေမဆေးကျောက်ရှာသမားတွေက ဝင်ခွင့်ပြုတဲ့အချိန်မတိုင်ခင် ဝင်ရောက်ဖို့ ကြိုးစားစဉ် လုံခြုံရေးတာဝန် ယူထားသူတွေက သေနတ်နဲ့ တားဆီးပစ်ခတ်ခဲ့တာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဒီပစ်ခတ်ခဲ့မှုကြောင့် ရေမဆေးကျောက်ရှာသူ မောင်အေးသန်း (၂၅) နှစ်ဟာ ညာဘက်ပခုံးမှာ ကျည်ဆန်ဖောက်ဝင်ထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မျက်မြင်တဦးက ပြောပါတယ်။

မောင်အေးသန်းဟာ အခင်းဖြစ်ပွားရာနေရာအနီး နမ့်မှော်ကျေးရွာ ရပ်ကွက် ၃၊ အိမ်အမှတ် ၃/၁၅ မှာ နေထိုင်သူဖြစ်ပြီး ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ တဝန်ချောင်ကျေးရွာဇာတိ ဖြစ်ပါတယ်။

ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်ကတော့ လူသေဆုံးမှုနဲ့ ပတ်သက်ပြီး အတည်ပြု ပြောကြားခြင်း မရှိပါဘူး။

“ဖြစ်တာက ညနေသုံးနာရီခွဲလောက်က ဖြစ်တာပါ။ ရေမဆေးသမားတယောက် သေတယ်လို့လည်း ကြားတယ်။ ဒဏ်ရာရတယ်လို့လည်း ကြားတယ်။ ခုချိန်ထိတော့ အတည်ပြုချက် မရသေးဘူး။ မီးလည်း ငြိမ်းသွားပါပြီ။ လူစုလည်း ကွဲသွားပါပြီ။"

ရေမဆေးသမား ၁၀၀၀ လောက်ဟာ ညနေ ၄ နာရီခွဲလောက်မှာ ကု​မ္ပဏီပိုင် ပါဂျဲရိုးကားတစီး၊ ကုမ္ပဏီပိုင် နှစ်ထပ်အဆောက်အဦနဲ့ ကားဂိုဒေါင်တို့ကို မီးရှို့သွားခဲ့တယ်လို့  ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

ဆိုင်းအောင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက “မီးကတော့ ငြိမ်းသွားပါပြီ၊ ကုမ္ပဏီအဆောင် နှစ်ဆောင် လောင်သွားတယ်။ ကျင်းထဲမှာတော့ ကားတစီး မီးလောင်နေတာတွေ့တယ်။ ကုမ္ပဏီအဆောင်ထဲမှာတော့ ကားဘယ်နှစ်စီး လောင်တယ်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။

ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်တွေမှာ လုံခြုံရေးယူထားသူတွေနဲ့ ရေမဆေးရှာဖွေသူတွေအကြား ပစ်ခတ်မှုနဲ့ ပဋိပက္ခတွေ မကြာခဏဆိုသလို ဖြစ်ပွားခဲ့ပါတယ်။

နိုဝင်ဘာ ၁၄ ရက်ကလည်း ဝေခါရွာရှိ ရတနာကြယ် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်မှာ ရေမဆေးကျောက် ဝင်ရောက်ရှာဖွေဖို့ ကြိုးစားသူတွေကို လုံခြုံရေးက တားဆီးပစ်ခတ်ခဲ့လို့ လူတဦး သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၃၀ ရက်ကလည်း ဆိုင်းဂျာဘွမ် ကျေးရွာအနီး နေမင်းကမ္ဘာ ကျောက်မျက်ကုမ္ပဏီမှာလည်း လုံခြုံရေးက သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်လို့ ရေမဆေးသမား ခြောက်ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ - ဇော်မိုးထက် (ဖားကန့်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013