DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်း တောင်သူများ ဆက်လက်ဆန္ဒပြ
DVB
·
August 30, 2012
လက်ပန်းတောင်း တောင်သူများ ဆက်လက်ဆန္ဒပြ
1 / 2
Donate to DVB

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ကန့်သတ်နယ်မြေအတွင်းမ၀င်ရ အမိန့် ထုတ်ပြန်ထားပေမယ့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် ယာမြေအသိမ်းခံရ တဲ့ တောင်သူတွေဟာ ဆက်လက်ဆန္ဒဖော်ထုတ်နေကြပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့က စတင်ဆန္ဒဖော်ထုတ်ပြီး မြေယာသိမ်းတိုက်ပွဲကို ဆင်နွှဲနေကြတာပါ။ ဆားလင်းကြီးခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး အပါဝင် ရဲတပ်ဖွဲ့ဝင်တွေက ပုဒ်မ-၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ကျမတို့ လယ်ယာမြေထဲကို ၁၄၄ ဆိုတဲ့ ပုဒ်မတွေကိုလည်း သူတို့က လာထုတ်တယ်။ ဘိုးစဉ်ဘောင်ဆက်က ချွေးတွေသွေးတွေနဲ့ ရင်းနှီးပြီး လုပ်စားခဲ့ရတဲ့ ကျမတို့ရဲ့ လယ်ယာမြေတွေကို ဒီလို ၃ နှစ်သီးနှံလျော်ကြေးပေးပြီး အနှစ် ၆၀ သိမ်းတာ လုံးဝ လက်သင့်မခံနိုင်ဘူး။ အဲလို လက်သင့်မခံနိုင်လို့ နေ့စဉ်နဲ့အမျှ သူတို့ဘက်က ကျမတို့ လယ်ယာမြေတွေကို ပြန်မပေးမချင်း ဆက်ပြီးတော့ တိုက်ပွဲ ၀င်ကြရဦးမှာပဲ။”

နှစ် ၆၀ သိမ်းမယ့် မြေအတွက် ၁ နှစ်သီးနှံအထွက်ရဲ့ ၃ ဆပေးတယ်ဆိုတာ ၃ နှစ်စာပေးပြီး အပြီးသိမ်းလိုက်သလို ဖြစ်တာမို့ လယ်ယာမြေမဲ့ဘ၀ ရောက်ရမယ့်အခြေအနေ ဖြစ်နေတယ်လို့ အသိမ်းခံတောင်သူတွေက ပြောပါတယ်။

မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီက စီမံကိန်းမှူး အငြိမ်းစား ဗိုလ်မှူးမြင့်အောင်က နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှုတွေ မပြီးမချင်း လုပ်ငန်းတွေကို ရပ်ဆိုင်းပေးထားပါမယ်လို့ ကတိပေးထားပေမယ့် ဒီလဆန်းမှာ ချိုးဖောက်ပြီး လုပ်ငန်းပြန်လည်စတင်ခဲ့ပါတယ်။

ဒါ့ကြောင့် ရဲအင်အား ၄၀၀ အသုံးပြုတားဆီးနေတဲ့ ကြားက စီမံကိန်းဧရိယာထဲက တောင်သူတွေဟာ တဲတိုင်တွေ ထန်းရွက်တွေနဲ့ ယာမြေထဲမှာ တဲတွေဆောက်ပြီး ရက်ဆက်ဆန္ဒပြနေကြတာပါ။

လယ်သမားတွေကို ကူညီဆောင်ရွက်ပေးနေသူတဦးက “ကျေးရွာ ပြည်သူလူထုကလည်း သူတို့ အသက်သေမယ်ဆို သေပစေတော့ ဆိုတဲ့  ပုံစံနဲ့ တိုက်ပွဲ ၀င်နေကြတယ်။ တစုံတရာ တုံ့ပြန်လာလို့ ကျနော်တို့ အသက်သေသွားမယ် ဆိုရင်တောင် ဒီယာမြေတွေပေါ်မှာပဲ အသက်စွန့်သွားကြမှာပါ။”

ဒီအသိမ်းခံယာမြေကိစ္စတွေကို ပြည်သူ့လွှတ်တော်နဲ့ သမ္မတဦးသိန်းစိန်ထိ အသနားခံစာ တင်သွင်းထားပေမယ့် အခုချိန်ထိ မထူးခြားသေးပါဘူး။

ဒီစီမံကိန်းကို မြန်မာဦးပိုင်လီမီတက်နဲ့ တရုတ်ကုမ္ပဏီ ၀မ်ပေါင်တို့ ပူးပေါင်းလုပ်ဆောင်ပြီး မုံရွာ - ပုသိမ် လမ်းနဲ့ ကပ်နေတဲ့ ကြေးစင်တောင်၊ စပယ်တောင်နဲ့ လက်ပန်းတောင်းတောင် သတ္တုတူးဖော်ရေးလုပ်ငန်း ကြေးနီစီမံကိန်းအတွက် ဆားလင်းကြီးခရိုင်တွင်းက ကျေးရွာပေါင်း ၂၀ ကျော်ရဲ့ မြေဧကပေါင်း ၇၈၀၀ ကို သိမ်းယူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013