နေပြည်တော် ပျဉ်းမနားမြို့မှာ ဩဂုတ် ၂၈ ရက်နေ့ ညနေက ရဲအရာရှိတဦးဟာ မီးလောင်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်၊။
သေဆုံးသူဟာ နေပြည်တော်သတင်းရဲတပ်ဖွဲ့က ရဲအုပ် ၀င်းမင်းသန့် ဖြစ်ပြီး ပျဉ်းမနားမြို့က ရွှေဗျိုင်အင်း ဘုန်းကြီးကျောင်း ပရ၀ဏ်ထဲမှာ ရှိတဲ့ ကိုက် ၂၀၀ ဝေးတဲ့နေရာမှာ လေးကျွန်းစင်္ကြာစေတီရင်ပြင်မှာ ညနေ ၃ နာရီခွဲလောက်က မီးလောင်ဒဏ်ရာတွေရပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။
ဒေသခံတဦးက “သေဆုံးသူဟာ နေပြည်တော်ရဲသတင်းတပ်ဖွဲ့ ခေါ် စရဖ တပ်ဖွဲ့က ရဲအုပ်ဖြစ်ပါတယ်။ ဩဂုတ်လ ၂၈ ရက်နေ့ ညနေခင်း ၃ နာရီခွဲမှာ ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းပြီး မီးရှို့သတ်သေသွားတာပါ။ စိတ်ကျန်းမာရေး ချို့တဲ့နေတယ်လို့ သိရတယ်။”
ဒီအမှုကို ကိုင်တွယ်တဲ့ ပျဉ်းမနားရဲစခန်း ဒုရဲအုပ် ကျော်မြင့်က ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေမှု ဟုတ်မဟုတ်ဆိုတာ ဖြေကြားခြင်း မပြုပေမယ့် သေဆုံးသွားတယ်ဆိုတာတော့ ဟုတ်မှန်ကြောင်း ပြောပါတယ်။ သေဆုံးခဲ့မှု အခြေအနေနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ဆဲလို့ ပြောပါတယ်။
မီးရှို့သေဆုံးသူဟာ စိတ်ကျန်းမာရေးချို့တဲ့ပြီး ယုံကြည်မှုတခုခုအရ သူ့ကိုယ်သူ ဓာတ်ဆီလောင်းပြီး မီးရှို့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေအဆိုအရ သိရပါတယ်။
အလောင်းကို မသင်္ဂြိုဟ်ခင် နေပြည်တော်က ကုတင် ၂၀၀၀ ဆံ့ ဆေးရုံကိုပို့ပြီး စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။











