
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ တိုးဂိတ်မှာ နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီကျော်လောက်က တရားမဝင်သယ်သောင်လာတဲ့ ကြက်တူရွေးအရှင် ၁၀၆ ကောင်နဲ့အတူ အမျိုးသား ၂ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ မြို့နယ် သစ်တောဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
တိုက်ကြီးမြို့နယ် သစ်တောဦးစီးအရာရှိနဲ့ ရဲတပ်ဖွဲ့ဝင်တွေက တိုက်ကြီးတိုးဂိတ်မှာ ယာဉ်တွေကို ပိတ်ဆို့ ရှာဖွေစစ်ဆေးနေချိန် သာယာဝတီဘက်ကနေ မောင်းလာတဲ့ တိုယိုတာ ပရိုဘောက်ယာဉ်ကို စစ်ဆေးရာ ကားနောက်ခန်းမှာ ခြင်းတောင်း ၅လုံးနဲ့ ထည့်ထားတဲ့ ကြက်တူရွေး ငှက်စိမ်းမျိုး အရှင် ၁၀၆ ကောင်ကို ဖမ်းဆီးမိခဲ့တာပါ။
ကြက်တူရွေး(ငှက်စိမ်းမျိုး)အရှင် ၁၀၆ ကောင်ကို တရားမဝင်သယ်ဆောင်လာတဲ့ ရွှေပြည်သာမြို့နေ ဦးသန်းထွန်းထွန်းအောင်နဲ့ ဦးလှထွန်း တို့ကို သစ်တောဦးစီးအရာရှိ ဦးအောင်အောင်စိုးက တရားလိုပြုလုပ်ပြီး တိုက်ကြီးရဲစခန်းမှာ (ပ)၁၀၃၈/၂၀၁၈ ဇီဝမျိုးစုံကွဲနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ဥပဒေ ပုဒ်မ- ၄၀ (က)နဲ့ အရေးယူထားတယ်လို့ တိုက်ကြီးရဲစခန်း ရဲအုပ်ထွန်းလင်းဇော်က ပြောပါတယ်။
သတင်း - မေသွယ်











