DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်း ၆၀၀၀ ကျော်သုံးထားသည့် ရွှေကျင်မြို့နယ်ရှိ ဆေးရုံ ၃ နှစ်ကြာအထိ မဖွင့်နိုင်သေး
DVB
·
November 19, 2018
ကျပ်သိန်း ၆၀၀၀ ကျော်သုံးထားသည့် ရွှေကျင်မြို့နယ်ရှိ ဆေးရုံ ၃ နှစ်ကြာအထိ မဖွင့်နိုင်သေး
1 / 7
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာမှာ ကျပ် သိန်း ၆၀၀၀ ကျော် အကုန်ကျခံ တည်ဆောက်ထားတဲ့ ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံဟာ သုံးနှစ်ကြာတဲ့အထိ မဖွင့်လှစ်နိုင်တာကြောင့် အမြန်ဖွင့်လှစ်ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သက်ကြီးရွယ်အို ကလေးသူငယ်တွေ တခြားဒေသမှာ ဆေးကုသဖို့ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် ကျန်းမာရေးအတွက် အခက်အခဲ ဖြစ်နေရတယ်လို့  ဒေသခံတွေကပြောပါတယ်။

ကွမ်းဆိပ်ရွာအုပ်ချုပ်ရေးမှူး ဦးချစ်ဝင်းက “ဆေးရုံပြီးဆုံးသွားတဲ့ အချိန်မှာ ရေမရှိသေးလို့ မဖွင့်ရသေးဘူးလို့ ပြောတာကြောင့် ဆေးရုံမှာ ရေရရှိရေးကို လုပ်ဆောင်ခဲ့ကြတယ်။ ရေရရှိတော့ လည်း ယနေ့အချိန်ထိ မဖွင့်လှစ်နိုင်သေးဘူး။ သက်ဆိုင်ရာဌာနတွေ၊ လွှတ်တော် ကိုယ်စားလှယ် တွေကို တင်ပြတယ်။ ဝန်ကြီးချုပ်လည်း လာကြည့်ခဲ့တယ်။ ဒါပေမယ့်လည်း ခုအချိန်ထိ မဖွင့်လှစ်ပေးကြဘူး" လို့ ပြောပါတယ်။

၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံကို အရင်အစိုးရလက်ထက်က ကျပ်သိန်း ၆၀၀၀ ကျော် အကုန်ကျခံကာ စတင်တည်ဆောက်ခဲ့တာပါ။

မြေဧရိယာ ၄ ဧကကျော်ကျယ်ဝန်းကာ ဝန်ထမ်းတွေနေထိုင်ဖို့ လုံးခြင်းအိမ်ယာ ၆ လုံးနဲ့ ခွဲစိတ်ခန်း၊ သားဖွားခန်း၊ ဓာတ်မှန်ခန်း၊ အထူးခန်းတွေအပါအဝင် အခန်းပေါင်း ၂၈ ခန်းနဲ့ ဖွဲ့ စည်း တည်ဆောက်ထားပြီး  ၂၀၁၅ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။

ဆေးရုံဖွင့်ဖို့ကိစ္စ လွှတ်တော်မှာ သုံးကြိမ်တိုင်တိုင် မေးမြန်းခဲ့ဖူးပါတယ်။ အရင်အစိုးရ လက်ထက်က ရွေးကောက်ပွဲ စည်းရုံးရေးအနေနဲ့ ပဒဲကေားကျေးရွာနဲ့ ကွမ်းဆိပ်ကျေးရွာကို ချပေး ခဲ့တာဖြစ်ပြီး ပဒဲကေားကျေးရွာမှာ ဆေးရုံ ဖွင့်လှစ်နိုင်ခဲ့ပေမယ့် ကွမ်းဆိပ်ကျေးရွာအတွက် ဘတ်ဂျက်မှာ မပါဝင်ခဲ့လို့  ဆေးရုံမဖွင့်နိုင်သေးတာလို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။

“အရင်အစိုးရက ဘာပဲဖြစ်ဖြစ်ပါ၊ ခုဆေးရုံက ဖျောက်ဖျက်ပစ်လို့ရတဲ့ အရာလည်းမဟုတ်ဘူး။ စနစ်တကျအကောင်အထည်ဖော်နိုင်ဖို့ ပြည်သူတွေ လိုလားချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ဆက်လက်ပြီး ကြိုးစားနေတယ်။”

အဆိုပါဆေးရုံကို ဖွင့်လှစ်နိုင်ပါက ကွမ်းဆိပ်ကျေးရွာအုပ်စုက လူဦးရေ ၆၀၀၀ ကျော် အပါအဝင် ပတ်ဝန်းကျင် ကျေးရွာ ငါးရွာက ဒေသခံတွေအတွက်ပါ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်မှာဖြစ်လို့ အမြန်ဆုံး ဖွင့်လှစ်ပေးနိုင်ဖို့ လိုလားနေကြပါတယ်။

သတင်း- နေလင်းထိုက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013