DVB Logo
Home
မြန်မာသတင်း

သီပေါမင်းအ၀တ်အစားနှင့်ရှေးဟောင်းပစ္စည်းများ ပါဝင်သည့် ဇေကမ္ဘာပြတိုက် ဖွင့်လှစ်မည်

စိုးမိုးအောင်
·
November 18, 2018
သီပေါမင်းအ၀တ်အစားနှင့်ရှေးဟောင်းပစ္စည်းများ ပါဝင်သည့် ဇေကမ္ဘာပြတိုက် ဖွင့်လှစ်မည်
1 / 18
Donate to DVB

သီပေါမင်းတရားကြီးရဲ့ အ၀တ်အစားအပါအ၀င် ရှေးဟောင်းပစ္စည်းတွေပါဝင်တဲ့ ဇေကမ္ဘာပြတိုက်ကို လာမယ့်နှစ်အတွင်း ပြသဖို့ စီစဉ်နေတယ်လို့ ဇေကမ္ဘာဦးခင်ရွှေက ပြောပါတယ်။

ဇေကမ္ဘာပြတိုက် တည်ဆောက်ဖို့အတွက် ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ လွှတ်တော်မှာ တင်ပြခဲ့တဲ့အပေါ် ပြတိုက်ဆောက်လုပ်ခွင့်ရခဲ့တာကြောင့် ရှေးဟောင်းပစ္စည်းတွေ စတင်စုဆောင်းခဲ့တာလို့ ဆိုပါတယ်။

ပြတိုက်ကို လက်ရှိမှာ ဆောက်လုပ်နေပြီး လာမယ့်နှစ်အတွင်းမှာ ပြတိုက်ဖွင့်လှစ်နိုင်မယ်လို့ ဦးခင်ရွှေက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာပညာရှင်တွေခေါ်ယူပြီး တည်ဆောက်နေတာကြောင့် အာရှမှာ အကြီးဆုံး ပြတိုက်တခုဖြစ်လာနိုင်တယ်လို့ သူကပြောပါတယ်။

ပြတိုက်အတွင်းမှာ ပျူခေတ်အသုံးအဆောင်တွေ၊ ဗုဒ္ဓဆင်းတုတော်တွေ၊ ရှေးဟောင်းသံလျက်တွေအပြင် သီပေါ်မင်းရဲ့ အ၀တ်အစားတွေနဲ့ ဆင်းစွယ်နဲ့လုပ်ထားတဲ့ ပေစာတွေအပြင် ရှေးဟောင်းပစ္စည်းမျိုးစုံပါဝင်မှာ ဖြစ်ပါတယ်။

“ပစ္စည်းကတော့ အမျိုးပေါင်း ၄ သိန်းလောက်ရှိတယ်။ ကာလတန်ဖိုးကတော့ ပြောရတာ တော်တော်ခက်ပါတယ်။ အန်ကယ့်ဆီမှာရှိတဲ့ မေးရိုးလေးတခု၊ လူသားမေးရိုးလေးတခုဟာ (၂၇) သန်း၊ အဲဒါကို ဂျပန်တွေက သူများငှားတော့ မငှားပါနဲ့တဲ့။ ဘာလို့လဲဆိုတော့ လူသားအစ မြန်မာကဆိုတာ ပေါ်တယ်။ ပုံတောင်ပုံညာဘက်က ရတာ။ အဲဒါမျိုးဟာ အန်ကယ်က ဥပမာ ၁ သိန်းပြောရင်လည်း ရတယ်။ ၁ သန်းပြောလည်း ရတယ်။ သန်း ၁၀၀ ပြောရင်လည်း ရတယ်။ တက်ကယ်တော့ တန်ဖိုးသတ်မှတ်လို့ မရဘူး”လို့ ဇေကမ္ဘာဦးခင်ရွှေက ပြောပါတယ်။

မြန်မာနိုင်ငံက ရှေးဟောင်းပစ္စည်းတွေကို ထိုင်းနဲ့တရုတ်နိုင်ငံတွေက ၀ယ်ယူနေတာကြောင့် တချိန်ချိန်မှာ ပျောက်ကွယ်သွားနိုင်လို့ မြန်မာနိုင်ငံအတွင်းမှာရော ပြည်ပရောက်နေတဲ့ ရှေးဟောင်းပစ္စည်းတွေပါ ၀ယ်ယူစုဆောင်းထားတာလို့ သူကဆိုပါတယ်။

ရှေးဟောင်းပစ္စည်းတွေကို ဇေကမ္ဘာဝန်းအတွင်းမှာ ၃၀ ရာခိုင်နှုန်းလောက် စုဆောင်း ထားရှိပြီး သံလျင်မြို့နယ်မှာလည်း လေသူရဲ ဦးလှဝင်းဆီက ၀ယ်ယူထားတဲ့ ရှေးဟောင်းပစ္စည်း ၇၀ ရာခိုင်းနှုန်းလောက်ကို အဆောက်အဦ ၆ လုံးနဲ့ သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။

လက်ရှိ ဇေကမ္ဘာပြတိုက်ကို နိုင်ငံတကာ ဗိသုကာပညာရှင်တွေခေါ်ယူပြီး ပြင်သစ်ဒီဇိုင်းနဲ့ တည်ဆောက်နေလို့ ပြောပါတယ်။ ကျောင်းသားတွေအတွက် ၀င်ကြေးအခမဲ့သတ်မှတ်ပေးမှာ ဖြစ်သလို ကျောင်းတွေကိုဖိတ်ပြီး ကလေးငယ်တွေကို မျိုးချစ်စိတ်ဖြစ်ပေါ်စေဖို့ သင်တန်းတွေလည်း ပေးမယ်လို့ ဆိုပါတယ်။ နိုင်ငံခြားသားတွေအတွက်တော့ ၀င်ကြေးတခုသတ်မှတ်သွားမယ်လို့ ဦးခင်ရွှေကပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013